Home
မြန်မာသတင်း
ဖားကန့် တာမခန်တပ်စခန်းမှ စစ်ကောင်စီတပ်များ လက်နက်များထားပြီး စွန့်ခွာ
DVB
·
March 10, 2024
Tar Ma Khan SAC arm fail 1_10032024
Tar Ma Khan SAC arm fail 2_10032024

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာအနီးရှိ တပ်စခန်းကနေ စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီ ၉ ရက် ည ၇ နာရီလောက်မှာ စွန့်ခွာသွားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့  နီးစပ်သူတွေက သိရပါတယ်။

တာမခံစစ်ကောင်စီတပ်စခန်းမှာ အင်အား ၇၀ ကျော်ရှိပြီး မနေ့ညက လက်နက်တွေထားပြီး ဆုတ်ခွာသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ည ၇ နာရီလောက်ကပေါ့။ အင်အား ၇၃ ယောက်လောက်ရှိတယ်။ စခန်းစွန့်ခွာသွားတာပေါ့။ လက်နက်ခဲယမ်းတွေ တော်တော်များများထားခဲ့တယ်။ အခု ၁၀ နာရီကျော် အခုအချိန်လောက်ဆို စစ်ကိုင်းဘက်ကို ရောက်နေပြီလို့ သိရတယ်။”

တာမခန်တပ်စခန်းကို ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၆ ရက်ကနေ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်မှာ တာမခန် ရဲစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီနောက် တပ်စခန်းကုန်း သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ပြီး ၁၃ ရက်အကြာ မတ်လ ၉ ရက်က တာမခန် စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေက သိမ်းပိုက် ရရှိခဲ့တာ ဖြစ်ပါတယ်။

တာမခန်ရဲစခန်းကုန်းကို သိမ်းပိုက်ရရှိချိန်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က တာမခန်ရဲစခန်းကုန်းသိမ်းပိုက်ခံရကတည်းက ဖားကန့်မြို့နယ်တဝိုက်က တပ်စခန်းကုန်းတွေကနေ လက်နက်ကြီးနဲ့ အကြိမ် ၁၀၀ကျော် ပစ်ခတ်ခဲ့သလို လေကြောင်းကနေ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတာကြောင့် တာမခန်ကျေးရွာနဲ့ အနီးအနားက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မတ်လ ၃ ရက်က တာမခန်ဘက်ကို စစ်ကူလာတဲ့ အင်အား ၆၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ SNA တပ်တွေက ရွာထဲကို ဝင်ရောက် အခြေချကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် ၃၉၃အိမ် မီးလောင်ပျက်စီးခဲ့ရတာပါ။

ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ SNA တပ်တွေကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၅ ရက်နေ့မှာ တာမခန်ရွာထဲ ဝင်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်နဲ့ SNA တပ်တွေက ၅၀ ကျော် သေဆုံးပြီး တချို့ ဖမ်းဆီးရမိပါတယ်။

တာမခန်တပ်စခန်းဟာ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေရဲ့ စစ်ရေးအရ စစ်ကိုင်းနဲ့ ဟုမ္မလင်း ဘက်ကိုပါ ဆက်သွယ်တဲ့လမ်းကြောင်းဖြစ်တာကြောင့် စစ်ကောင်စီဘက်က စခန်းလက်မလွတ်ရအောင် လေကြောင်းနဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသလို စစ်အင်အားပို့ဆောင် တိုက်ခိုက်နေပါတယ်။

မတ် ၇ ရက်ကလည်း မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်  ဝိုင်းမော်နဲ့ ဒေါ့ဖုန်းယန်မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်တဲ့ တပ်စခန်းတွေကို ကေအိုင်အေက ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013