Home
မြန်မာသတင်း
ပြောင်းဈေးဆက်တိုက်ကျပြီး အဝယ်ရပ်ထားသဖြင့် တောင်သူများ အခက်တွေ့
DVB
·
March 9, 2024
pyaung 932024

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ စစ်ကောင်စီရဲ့ မူဝါဒတွေကြောင့် ပြောင်းဈေး ဆက်တိုက်ကျဆင်းနေပြီး ကုန်သည်တွေဘက်က အဝယ်ရပ်နားထားတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံကို အကောက်ခွန်လွတ် ပြောင်းတင်ပို့မှု စတင်နေပေမဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပို့‌ကုန်မူဝါဒအရ စရိတ်မြင့်တက်ပြီး ပြောင်းအဝယ် ရပ်နားထားရတာဖြစ်တယ်လို့ ပြောင်းကုန်သည်တဦးက ပြောပါတယ်။

“ပြောင်းအဓိကပို့တဲ့ မြဝတီလမ်းကြောင်းက ပိတ်သွားတော့ ပင်လယ်ရေကြောင်းကပဲ တင်ပို့နေရတော့ စရိတ်တွေက မြင့်လာတယ်။ ပို့ကုန်မူဝါဒက ပြောင်းလိုက်တာနဲ့ ဒေါ်လာလဲနှုန်းကလည်း အများကြီး ရိုက်ခတ်မှုရှိတယ်။ ဒီအချိန်မှ ဈေးမကောင်းရင် ဆက်ကောင်းဖို့လည်း မလွယ်ဘူး။ တောင်သူတွေကိုလည်း ပြောချင်တာ ပြောင်းက စိုက်သင့်တဲ့သီးနှံ မဟုတ်တော့တဲ့အတွက် တတ်နိုင်သလောက် လျှော့စိုက်ပါ။”

သွင်းအားစုစရိတ်နဲ့ အလုပ်သမားစရိတ်တွေ မြင့်တက်လာတဲ့ကြားက စိုက်ပျိုးထားပေမဲ့ ပြောင်းဈေးထိုးကျတဲ့အပြင် အဝယ်ပါရပ်သွားတဲ့အတွက် အခက်အခဲများစွာ ရှိနေတယ်လို့ တောင်သူတဦးက ပြောပါတယ်။

“ဈေးလေးပြန်တက်မလားလို့ စောင့်နေတာ၊ အခု ဈေးက အရင်းမပြော‌နဲ့ လုပ်အားခရရင်တောင် ကံကောင်းတာပဲ။ ဆီဈေး၊ မျိုးစေ့နဲ့ တခြား ပစ္စည်းပေးပြီး ဝယ်ပြီး စိုက်ထားပေမဲ့ အခု ဈေးက ဘာမှမရ။ အခု ဝယ်တဲ့သူပါ ရှားနေလို့ ပြောင်းပုံကိုထိုင်ကြည့်ပြီး ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ အကြွေးတွေလည်း နစ်နေပြီဖြစ်လို့ နောက်နှစ် ထပ်စိုက်ဖို့လည်း ဖြစ်နိုင်မယ်မထင်ပါဘူး။”

ပြောင်းဈေးဟာ ဇန်နဝါရီလက တပိဿာ ကျပ် ၁,၀၅၀ အထိ ရှိ‌ခဲ့ပေမဲ့ ဒီနေ့ဈေးနှုန်းအရ တပိဿာကို ကျပ် ၈၅၀ သာ ရှိတော့ပြီး ကုန်စည်ဒိုင်အများစုက အဝယ်ပိတ်ထားပါတယ်။

ပြောင်းလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်တဦးက “အခု ဈေးမကိုက်ကြတော့လို့ ပြောင်းအဝယ် ရပ်နားထားကြတာပါ။ ဘယ်လိုမကိုက်လဲဆိုတော့ ပြောင်းတင်ပို့ပြီး ဝင်လာတဲ့ ဒေါ်လာဈေးက ၃,၀၉၀ နဲ့ ဖြတ်သိမ်းတဲ့ မူဝါဒကြောင့် ပြောင်းဈေးက ခုလိုတွေ ဖြစ်လာတာပါ။ အပြင်ဒေါ်လာဈေးက ၃,၆၀၀ အထက်မှာပဲ ရှိတယ်လေ” လို့ ပြောပါတယ်။

စစ်ကောင်စီက ဆန်၊ ပဲ၊ ပြောင်းနဲ့ ရော်ဘာတို့ရဲ့ ပို့ကုန်မူဝါဒကို ၇ လအတွင်း ၄ ကြိမ်ပြောင်းလဲခဲ့ပြီး အခုပြောင်းလဲခဲ့တဲ့ ၆၅/၃၅ မူဝါဒက ပြောင်းတင်ပို့နေတဲ့ ကုမ္ပဏီတွေ အရှုံးပေါ်တဲ့အတွက် ပြည်တွင်းပြောင်းဈေး ကျဆင်းလာတာဖြစ်တယ်လို့ ပြောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013