စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်းကို မတ် ၈ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက ရွာရဲ့မြောက်ဘက်မှာ စစ်ရှောင်နေတဲ့ အမျိုးသမီးတဦးကို ပစ်သတ်သွားတဲ့အပြင် တခြားပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဟံလင်းပျူမြို့ဟောင်းကို ရွှေဘိုမြို့အရှေ့ခြမ်းက ဝင်လာတဲ့ စစ်တပ်နဲ့ ကျောက်မြောင်းက ဝင်လာတဲ့စစ်တပ် ပူးပေါင်းဝင်လာပြီးနောက် စစ်ရှောင်စခန်းက အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကို ပစ်သတ်ခဲ့တာလို့ ဝက်လက်မြို့နယ် ထောက်ပို့အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“စစ်ကြောင်းနဲ့တွေ့လို့ ဖမ်းသွားတာပါ။ နောက်ဆက်တွဲအခြေအနေက အနီးနား စစ်ကြောင်းနဲ့မို့ မသိရသေးပါဘူးဗျ။ အထိုင်ချထားတာကိုမှ စစ်ကြောင်းဝင်လာတာပါ။ စစ်တပ်က အထိုင်ချထားတာပါ။ ဒေသခံတွေ စစ်ရှောင်နေရတာ ၁ နှစ်ကျော်ပါပြီ။”
ဟံလင်းပျူမြို့ဟောင်းကို ဝင်လာတဲ့ စစ်ကြောင်းက စစ်ရှောင်အမျိုးသမီးတဦးကို ပစ်သတ်ခဲ့တဲ့အပြင် တခြား အသက် ၄၀ အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၁၀ နှစ်အရွယ် ကလေးတဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကြောင်းက အနီးနားတဝိုက်မှာ ရှိသေးတာကြောင့် မြေပြင်အခြေအနေကို အသေးစိတ် မသိရသေးပါဘူး။