လာမယ့် ဇူလိုင် ၂၀ ရက်အတွင်း ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်ခ်တိုင်ဆန်နဲ့ YouTube ဗီဒီယိုဖန်တီးသူအဖြစ်မှ လက်ဝှေ့ဘက်ကူးပြောင်းလာသူ ဂျိတ်ခ်ပေါလ်တို့ရဲ့ ရင်ဆိုင် ထိုးသတ်မယ့်ပွဲကို Netflix က ပြသသွားမယ်လို့ အတည်ပြုပါတယ်။
တက္ကဆက်ပြည်နယ် အာလင်တန်မြို့မှာရှိတဲ့ ပရိသတ် ၈၀,၀၀၀ ဆံ့ AT&T အားကစားကွင်းကြီးအတွင်း ဒီလက်ဝှေ့ပွဲ ကျင်းပသွားဖို့ရှိတယ်လို့ ပွဲစီစဉ်သူတွေအနေနဲ့ ပြောကြားပါတယ်။
ဒါဟာ အမေရိကန်ဘောလုံးလိဂ် NFL အသင်းတသင်းဖြစ်တဲ့ Dallas Cowboys ရဲ့ အိမ်ကွင်းလည်း ဖြစ်ပါတယ်။
သမိုင်းတလျှောက် အကြီးကျယ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့သမားတွေထဲမှာပါဝင်တဲ့ တိုင်ဆန်က အသက် ၂၇ နှစ်အရွယ် ပေါလ်နဲ့ ထိုးသတ်ရမယ့်ပွဲဟာ ပျော်ဖို့ကောင်းမယ်လို့သာ မှတ်ချက် ပေးပါတယ်။
တဖက်ပြိုင်ဘက်ဖြစ်တဲ့ ပေါလ်ဟာ လက်ဝှေ့လောက ဘက်ကို ကူးပြောင်းလာပြီးကတည်းက ၉ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပြီး ၆ ပွဲအလဲ ထိုးနိုင်ခဲ့ပါတယ်။
"သံမဏိ မိုက်ခ်"လို့ ကျော်ကြားတဲ့ မိုက်တိုင်ဆန်ကတော့ စုစုပေါင်း ၅၆ ပွဲမှာ ပွဲ ၅၀ နိုင် - ၆ ပွဲရှုံးရလဒ်နဲ့ ၄၄ ပွဲအထိ အလဲထိုးနိုင်ခဲ့သူ ဖြစ်ပါတယ်။
အသက် ၅၈ နှစ်ပြည့်တော့မယ့် တိုင်ဆန်က လက်ဝှေ့ကြိုးဝိုင်းကို တကျော့ပြန်လာကာ ငယ်ရွယ်ပြီး လျင်မြန်တဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် စိတ်ဝင်တစား စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်အတွင်း တိုင်ဆန်နဲ့ ရွိုင်းဂျုံးစ်တို့ သရေကျခဲ့တဲ့ သရုပ်ပြ ထိုးသတ်ပွဲကြီးရဲ့ အစောပိုင်းပွဲစဉ်တွေမှာ ပေါ်လ်အနေနဲ့ ပါဝင်ခဲ့ဖူးကြောင်း သိရပါတယ်။
Source/Photo-Reuters