မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ရထားနဲ့ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ အမျိုးသမီး သေဆုံးခဲ့တယ်လို့ ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်း-ဘီးလင်းထံက သိရပါတယ်။
ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာနဲ့ တဘတ်ဆွဲကျေးရွာကြားရှိ ကျေးရွာချင်းဆက် လမ်းမပေါ်ရှိ မီးရထားလမ်းကူးမှာ မတ် ၇ ရက် မွန်းတည့် ၁၂ နာရီလောက်က လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ်နဲ့ ရထား တိုက်မိခဲ့ပါတယ်။
ရထားနဲ့တိုက်မိတာကြောင့် အသက် ၃၀ အရွယ် ဆိုင်ကယ်မောင်းနှင်သူ မအိသဲမွန်ဟာ ရထားကြိတ်မိပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။
ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်း-ဘီးလင်း တာဝန်ရှိသူတဦးက “ကျေးရွာဆက်လမ်းပေါ်က ရထားလမ်းကူးမှာ ရထားလာနေတဲ့အချိန် မီတယ်ဆိုပြီးဖြတ်တာ၊ မလွတ်ဘဲ ရထားက ဝင်တိုက်သွားတာ။ ဆိုင်ကယ်မောင်းတဲ့ အမျိုးသမီးကတော့ ရထားကြိတ်ခံရပြီး ခေါင်းပြတ်သွားတာနဲ့ ခြေတွေလက်တွေလည်း ကျေသွားလို့ နေရာမှာပဲ သေသွားတယ်” လို့ ပြောပါတယ်။
ရထားကြိတ်ခံရပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးကို ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်း-ဘီးလင်းနဲ့ မိုးကောင်း လူမှုကယ်ဆယ်ရေးအသင်းတို့က ဘီးလင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။