ဟေတီဂိုဏ်းခေါင်းဆောင် ဂျင်မီချဲရိဇီယာက ပြည်တွင်းစစ်နဲ့ လူမျိုးတုံးသတ်ဖြတ်မှုတို့ကို သတိပေးခဲ့ပြီးနောက်မှာ ဟေတီနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒိုမီနီကန်သမ္မတနိုင်ငံက သူ့နယ်စပ်မှာ လုံခြုံရေးကို အားဖြည့်ထားကြောင်း မတ်လ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဟေတီနိုင်ငံနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတို့ဟာ ကာရေဘီယံ ဟစ်စ်ပါနီယိုလာကျွန်းပေါ်မှာ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။
မနေ့က X လူမှုကွန်ရက်မှာ မျှဝေထားတဲ့ မှတ်တမ်းတင် ကြေညာချက်ထဲမှာ ဒိုမီနီကန် လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်တွေဟာ လိုအပ်တဲ့ ဝန်ထမ်းနဲ့ စက်ပစ္စည်း ကိရိယာတွေ ထပ်မံလွှဲပြောင်းပေးပြီး နယ်စပ်စောင့်ကြည့်ရေးကို အားဖြည့်ပေးခဲ့ကြောင်း ဒိုမီနီကန် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဟိုမဲရို ဖှီဂွယ်ရိုအာက ပြောပါတယ်။
ဟေတီနိုင်ငံမှာတော့ အာဏာပိုင်နက် ထူထောင်ရေးအတွက် တိုက်ခိုက်နေကြတဲ့ မြို့တော် ပို့အောပရင့်စ်ရှိ ဂိုဏ်းတွေဟာ နိုင်ငံတကာတပ်ဖွဲ့ကို အတူတကွ တိုက်ထုတ်ရာမှာ စည်းလုံးညီညွတ်တဲ့ရှေ့တန်းအဖြစ် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြမယ့်အကြောင်း အချက်ပြခဲ့ကြပါတယ်။
ဒီအတောအတွင်းမှာပဲ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု စွဲချက်နဲ့ ထောင်ဒဏ် ၆ နှစ် ကျခံနေရတဲ့ အာဏာသိမ်းခေါင်းဆောင်ဟောင်း ဂိုင်ဖှိလစ်ပေဟာ အမေရိကန်ကနေ မကြာသေးမီကမှ ပြန်လာခဲ့ပြီး အသွင်ကူးပြောင်းရေးကောင်စီရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ ကြိုးပမ်းနေပါတယ်။
ဖိလစ်ပေဟာ ဒီဇင်ဘာလမှာ ဟေတီကို ပြန်ရောက်လာကတည်းက BSAP လို့ လူသိများတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတပ်ဖွဲ့ရဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေ ဝိုင်းရံပြီး နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေကို စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters