ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် အချက်အချာကျတဲ့ လမ်းပန်းဆက်သွယ်ရေး နေရာတွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ပြောပါတယ်။
ဆီဆိုင်မြို့ကို မတ် ၅ ရက်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အကြိမ် ၁၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ရှိနေဆဲပဲလို့ PNLA က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုအပြင် ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် ဆီဆိုင်မြို့ဆေးရုံနဲ့ မြို့တွင်း နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေလည်း ရှိနေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။
စစ်ကောင်စီဟာ ဆိုက်ခေါင်စံပြရွာကနေ ဆီဆိုင်မြို့ကို လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ထဲကိုလည်း စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာကြောင့် နေ့စဉ် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက“ဆီဆိုင်မြောက်ဘက်ကပစ်တာ။ စစ်ကောင်စီက ဆိုက်ခေါင်မှာ အမြောက်လက်နက်ကြီးတွေ ထားတယ်။ မနေ့က လူထိခိုက်မှု မရှိဘူး။ အဆောက်အအုံ ပျက်စီးတာရှိတယ်။ ထိတွေ့တိုက်ပွဲ အခြေအနေက ဆီဆိုင်မြို့ထဲကို သူတို့ဝင်ဖို့ ကြိုးစားတယ်။ ကျနော်တို့တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ ရှိတယ်။ သူတို့က ပြန်ဆုတ်သွားတာ ပေါ့နော်။ အလောင်းတွေ ကျန်ခဲ့တာတော့ မရှိဘူး။ သူတို့ဘက်က ဘယ်လောက်ကျတယ်ဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်ဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကစပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
လက်ရှိမှာ ဆီဆိုင်တင်မကဘဲ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနဲ့ ၁၂ မိုင်သာဝေးတဲ့ ဟိုပုန်းအထိ တိုက်ပွဲတွေက ပျံ့နှံ့လာပါတယ်။
ဒီဒေသတွေကို ဆက်သွယ်ထားတဲ့ လမ်းပန်းဆက်သွယ်ရေး အရေးပါတဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးတာတွေ လုပ်နေတယ်လို့လည်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။
“ဟိုပုန်းမြို့နယ် မဲနယ်တောင်ဒေသမှာ စစ်ကောင်စီက လမ်းတွေကို ဖျက်ဆီးထားတယ်။ အဲဒါကို PNLA က ပြန်ပြုပြင်ပေးခဲ့တယ်။ ယာဉ်တွေ ပြန်သွားလို့ရပြီ။ နောက်အခြေအနေတခုက ဟိုပုန်း-မိုင်းပွန်လမ်းမကြီးကို စစ်တပ်က ပိတ်လိုက်ဖွင့်လိုက် လုပ်နေတယ်။ ပြည်သူတွေ ဒုက္ခရောက်ပြီး အခက်အခဲဖြစ်ရတယ်။ ကုန်စည်စီးဆင်းမှုလည်း ထိခိုက်နေတာရှိပါတယ်။”
ဆီဆိုင်မြို့မှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁ သိန်းခွဲကျော် ရှိနေပြီး တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာ ရှမ်းပြည်နယ်က မြို့ရွာတွေအပြင် ကရင်နီပြည်နယ်ဘက်ကိုပါ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
သီဟ