Home
နိုင်ငံတကာ
ပီရူးဝန်ကြီးချုပ် ရာထူးက နုတ်ထွက်
DVB
·
March 6, 2024
Peru's PM_06032024

အစိုးရ ကန်ထရိုက်စာချုပ်တွေကို မမှန်မကန် ဩဇာသုံးပြီး တရားဝင်ဖြစ်အောင် ရယူဖို့ ကြိုးပမ်းထားကြောင်း အသံဖမ်းမှတ်တမ်းတခု သီတင်းပတ်ကုန်က ပေါ်ထွက်လာခဲ့ပြီး နောက်မှာ ပီရူးဝန်ကြီးချုပ် အယ်လ်ဘာတို အိုတာရိုလာဟာ မတ်လ ၅ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်ကြောင်း သူကိုယ်တိုင် ပြောကြားခဲ့ပါတယ်။

ပြည်တွင်းမီဒီယာကနေ ဖွင့်ချလိုက်တဲ့ အဲဒီအသံဖိုင်မှာ အိုတာရိုလာဟာ နောက်ပိုင်းမှာ အစိုးရကဏ္ဍ အသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီးတဦးနဲ့ စကားပြောနေပုံ ရပါတယ်။

ခုထွက်ပေါ်လာတဲ့ ဒီအသံဖိုင်ဟာ သူ အစိုးရရာထူး လက်မခံခင် ၂၀၂၁ ခုနှစ်က အသံဖမ်းယူထားတာဖြစ်ပြီး ဒါဟာ သူ့ နိုင်ငံရေးအတိုက်အခံတွေက ပူးပေါင်းကြံစည်မှုရဲ့ တစိတ်တပိုင်းအဖြစ် အသံဖိုင်ကို လိုသလို တည်းဖြတ်ခဲ့ပြီးတော့ ခြယ်လှယ် ကြံစည်ခံရတာ ဖြစ်ကြောင်း အိုတာရိုလာက သတင်းထောက်တွေကို ပြောပါတယ်။

ဒီနေ့ သမ္မတ ဒီနာဘိုလွာတေးနဲ့ စကားပြောဆိုခဲ့ရာမှာ အကြောင်းပြချက် ၂ ခုကြောင့် ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာကို အသိပေးခဲ့တယ်လို့ ဝန်ကြီးချုပ် အိုတာရိုလာက ပြောပါတယ်။

သမ္မတအနေနဲ့ သူစဉ်းစားထားသလို အစိုးရအဖွဲ့ကို အပြောင်းအလဲ ပြုလုပ်ရာမှာ စိတ်အေးချမ်းသာစွာ ဖြည့်ဆည်းပေးဖို့က ပထမတချက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြုပြင်ပြောင်းလဲမှုတချို့ ပါဝင်မယ့် အစိုးရရဲ့ အထွေထွေမူဝါဒတွေကို ပြန်လည်စတင်ဖို့ ရှိတာကြောင့် လာမယ့် အစိုးရအဖွဲ့အပေါ် ယုံကြည်မှုဟာ တရားဝင်မှုတခုသာမကဘဲ ဒုတိယအခွင့်အရေးနဲ့ ၂၀၂၄ ခုနှစ်အတွက် အားသစ်လောင်းခြင်းပါပဲလို့လည်း သူက ဆိုပါတယ်။

ပီရူးဥပဒေအရ ဝန်ကြီးချုပ် နုတ်ထွက်ပြီးရင် တခြားအစိုးရအဖွဲ့ဝင် ၁၈ ဦးလည်း နုတ်ထွက်ရမှာ ဖြစ်ပါတယ်။

သမ္မတ ဒီနာဘိုလွာတေးဟာ ကက်ဘိနက်အဖွဲ့ဝင်တဦးစီကို ပြန်လည်နေရာချထားဖို့ ဒါမှမဟုတ် သူတို့ကို ဝန်ကြီးအသစ်နဲ့ လဲလှယ်လိုက်ဖို့ ရွေးချယ်ခွင့်ရှိပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013