တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အပါအဝင် နယ်မြေသတ်မှတ်မှု သဘောတူညီချက်မရခဲ့တဲ့ ကူမင်းဆွေးနွေးပွဲနောက်ပိုင်း ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ခြေရှိတယ်လို့ စစ်ရေး နိုင်ငံရေး အကဲခတ်တချို့က သုံးသပ်ပါတယ်။
တရုတ်အစိုးရက စီစဉ်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့ လေးကြိမ်မြောက် တွေ့ဆုံပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ အရင်က သဘောတူညီချက်တွေနဲ့ နယ်စပ်ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပေမဲ့ နှစ်ဖက် ပြေလည်မှု မရရှိတဲ့ အချက်တွေ အတော်များများ ရှိခဲ့တာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထိန်းချုပ်လိုက်တဲ့ ကိုးကန့်ဒေသကို စစ်ကောင်စီက အပြီးပိုင် လွှဲအပ်ပေးရေး အပါအဝင် TNLA နဲ့ ရက္ခိုင့်တပ်တော်ဘက်ကလည်း သူတို့ထိန်းချုပ်လိုက်တဲ့ မြို့တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး အပြီးတိုင် ရုပ်သိမ်းရေးတွေကို ဆွေးနွေးခဲ့ကြပေမဲ့ တင်းမာမှုတချို့ ရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ နီးစပ်တဲ့ နိုင်ငံရေးလ့လာသူတဦးက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဘက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ရယူလိုတဲ့ သဘောမျိုး ဆွေးနွေးပေမဲ့ သက်ဆိုင်ရာအဖွဲ့တွေကြားမှာ ညှိနှိုင်းမှု မရရှိခဲ့ဘဲ တင်းမာမှုတချို့ ရှိခဲ့တာကြောင့် အဲဒီဒေသတွေဘက်မှာ စစ်ရေး ပြင်းထန်လာနိုင်ခြေ ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
သဘောတူညီချက်မရခဲ့တဲ့ မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ အဲဒီနေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် TNLA ထိန်းချုပ်ထားတဲ့ မြို့တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာကာ စစ်ရေးအရှိန်ပြန်မြှင့်ဖို့ ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ကြပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက်ကနေ မတ် ၁ ရက်အထိ ၂ ရက်တာ ကျင်းပခဲ့တဲ့ ကူမင်းမြို့က ဟိုင်ဂင်ဆွေးနွေးပွဲဟာ သဘောတူညီချက် အနည်းငယ်သာ ရရှိခဲ့ပြီး နောက်လထဲမှာ ငါးကြိမ်မြောက် ထပ်မံတွေ့ဆုံကြဖို့ သဘောတူညီခဲ့ကြပေမဲ့ နှစ်ဖက်ဆွေးနွေးမှု အချက်အလက်တွေကို ထုတ်ဖော်မပြောဆိုရဘူးဆိုတဲ့ သဘောတူညီချက်ကိုလည်း ချမှတ်ခဲ့ပါတယ်။
ဆွေးနွေးပွဲနဲ့ပတ်သက်လို့ နှစ်ဖက် ထုတ်ဖော်ပြောဆိုလာခြင်း မရှိတာကြောင့် လွဲမှားတဲ့ သတင်းအချက်အလက်တချို့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်လာခဲ့ပြီး နှစ်ဖက်စလုံးကတော့ အဲဒီသတင်းတွေက မှားယွင်းတဲ့ အချက်အလက်တွေ ပါနေတယ်လို့ ပြောပါတယ်။
အခုဆွေးနွေးပွဲဟာ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီကြား ဆွေးနွေးပွဲ ဖြစ်ပေမဲ့ သဘောတူညီခဲ့တဲ့ အချက်တွေက ရှမ်းပြည်နယ်မြောက်ပိုင်းက ကိစ္စတွေနဲ့ပဲ သက်ဆိုင်တယ်လို့ အေအေ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံရဲ့ နယ်နိမိတ် အချုပ်အခြာ အာဏာဟာ ဆက်လက်ခိုင်မြဲနေမှာ ဖြစ်ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ကုန်သွယ်မှုတွေဟာ တရုတ်နဲ့ မြန်မာနိုင်ငံအစိုးရရဲ့ စီမံခန့်ခွဲ့မှုအောက်မှာပဲ ရှိနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်တဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးကိုမှ လက်မခံဘူးလို့လည်း စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အောင်သူ
photo- ဝီကီပီးဒီးယား