တိုက်ပွဲဖြစ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ်နဲ့ အနီးတဝိုက် ကျေးရွာတွေမှာ လူစုလူဝေးတွေ့ရင် စစ်ကောင်စီက ကင်းထောက်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဆီဆိုင်မြို့ခံတဦးက “ကျနော်တို့ အခုချိန်မှာ ဘာအလုပ်မှမရှိတော့ စားဖို့ မြို့ပေါ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်ယူတဲ့အချိန်မှာ ဒရုန်းတွေနဲ့ ရောက်ရောက်လာတယ်။ ဒါတောင် နှစ်ယောက် သုံးယောက်ပဲနော်၊ ဒရုန်းလာတာတွေ့ရင် ပြေးရတော့တာပဲ၊ ၅ မိနစ်လောက်ပဲရှိမယ်၊ ကားနဲ့ အသားကုန်မောင်းပြေးပြီး နောက်လှည့်ကြည့်တော့ ခုနနေရာကို ဗုံးကြဲတာ။ ဂိုဒေါင်ထဲက ပြောင်းအိတ်တွေလည်း ကားပေါ်ကို ဒီအတိုင်းပစ်ပြီးတင်ရတာ၊ ရသလောက်ပဲ” လို့ ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်တာ တလကျော် ကြာပြီဖြစ်တဲ့အတွက် ဆီဆိုင်မြို့ခံတွေဟာ စားနပ်ရိက္ခာ ပြတ်လပ်လာပြီး စားဝတ်နေရေးဖြေရှင်းဖို့ နေအိမ်တွေမှာကျန်ခဲ့တဲ့ မြေဩဇာအိတ်၊ ပြောင်းအိတ်၊ အဝတ်အထည်တွေ၊ ဖုန်း၊ လျှပ်စစ်ပစ္စည်းနဲ့ ဆေးဝါးပစ္စည်းတွေကို ပြန်ရောင်းချဖို့ ပြန်ယူနေကြတာ ဖြစ်ပါတယ်။
ဆီဆိုင်မြို့တောင်ဘက်မှ ဒေသခံ အမျိုးသမီးတဦးက “ကျမတို့ အစက မပြေးဘူးပေါ့။ မြို့နဲ့လည်း နည်းနည်းလှမ်းတော့ တောထဲမှာပဲနေတာ။ စစ်ရှောင်တာကနေ ပြန်လာတော့ ပဲစင်းငုံသွားခူးတာ မိသားစု ၆ ယောက်ဆိုတော့ ဒရုန်းနဲ့ ဝီးဆိုပြီး မကြာဘူး ဗုံးကြီးပေါက်တယ်၊ သမီးဆို ကျောမှာ အနာတွေနဲ့၊ ကျမအမျိုးသားလည်း ပေါင်မှာ ဒဏ်ရာရသွားတယ်၊ အကုန်ပတ်စင်တာလေ၊ သူများကို အကူအညီလှမ်းတောင်းပြီး စစ်ရှောင်လာရတယ်” လို့ ပြောပါတယ်။
ဆီဆိုင်မြို့အရှေ့ဘက် လွယ်ထွယ်ကျေးရွာမှာလည်း ရွာတွင်း အသုဘလုပ်တဲ့အချိန်မှာ လူစုလူဝေး ဖြစ်သွားတဲ့အတွက် ဗုံးနှစ်လုံးကြဲချခဲ့လို့ ရွာသားတွေ နေရပ်ကနေ ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ဆီဆိုင်မြို့ပေါ်ကို ပစ္စည်းပြန်ယူတဲ့ အရပ်သားတွေကို စစ်ကောင်စီက ကင်းထောက်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူ ၇ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။