ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် စစ်မှုထမ်းရမယ့် လူစာရင်းပေးပို့ဖို့နဲ့ သင်တန်းတွေအတွက် စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းတွေ အသင့်လုပ်ထားဖို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
နေပြည်တော် ကာကွယ်ရေးဝန်ကြီးရုံးမှာ မတ် ၄ ရက် နေ့လယ်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) မှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောဆိုခဲ့တာပါ။
"ပြည်သူ့စစ်သင်တန်းတွေကို ဧပြီလထဲမှာ ပြတ်အောင်ဖြတ်ပြီး မေလထဲမှာ စမယ်ထင်တယ်။ တပ်ဘက်မှာ ပြင်ဆင်မှုတွေလုပ်နေတယ်။ သင်တန်းအတွက် မပြီးလို့ အကုန်ပြီးတာနဲ့ သင်တန်းစမှာ။"
စစ်မှုထမ်းဆင့်ခေါ်ရေး (ဗဟို) အဖွဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၆ ရက်က ကာကွယ်ရေးဝန်ကြီးရုံးမှာ တွေ့ဆုံရာ Mobile Operator ၄ ခုမှတဆင့် Short Message Service (SMS) တွေ ပေးပို့ဆောင်ရွက်ဖို့၊ လက်ကမ်းစာစောင်တွေကို MRTV4၊ MWD၊ TV Spot၊ နိုင်ငံပိုင်သတင်းစာတွေက ဖြန့်ဝေဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်မှာ စစ်မှုထမ်းဆင့်ခေါ်ရေး(ဗဟိုအဖွဲ့) ကို ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီ ၁၄ မှ ၂၂ ရက်အတွင်း ပြည်နယ်နဲ့တိုင်း ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့တာပါ။
လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်မှာ အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။