စစ်ဘေးရှောင်ပြည်သူတွေကို အဓိကထား အကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ၁ နှစ်ကျော်ကာလအတွင်း အလှူငွေ သိန်းပေါင်း ၂၀၀၀ ကျော်ကို စစ်ရှောင်ပြည်သူတွေဆီ ထောက်ပံ့ပေးခဲ့ပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို အဓိကထား ကူညီပေးနေတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
အဖွဲ့တည်ထောင်ချိန်ကနေ ၁ နှစ်ကျော် ကာလအတွင်းမှာ အလှူငွေ သိန်းပေါင်း ၂၀၀၀ ကျော်ကို ပြည်သူတွေဆီ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ပစ်တိုင်းထောင်အဖွဲ့ခေါင်းဆောင် မဖူးပွင့်ဝေက ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအတွက် စားရေးသောက်ရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလ ပညာသင်ကျောင်းတွေမှာလိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေကို ထောက်ပံ့ပေးနေတဲ့ အညာပစ် တိုင်းထောင်လေးများအဖွဲ့ကို ၂၀၂၂ ခု နိုဝင်ဘာ ၂၈ ရက်မှာ စတင်တည်ထောင်ခဲ့တာပါ။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ကို အညာဒေသက နိုင်ငံရေး တတ်ကြွလှုပ်ရှားတဲ့ လူငယ် ၈ ဦးနဲ့ ဖွဲ့စည်းထားပြီး ကူညီလှူဒါန်းမှုတွေအပြင် သွေးမအေးပြောက်ကျားသပိတ်တွေကိုလည်း အခါအခွင့်သင့်သလို ပြုလုပ်နေပါတယ်။
ယင်းမာပင်ခရိုင်အတွင်းက ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ပုလဲနဲ့ ဘုတလင် မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲ လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးနေတာပါ။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ရန်ပုံငွေသီးသန့်မရှိဘဲ ပြည်တွင်းပြည်ပက ပြည်သူတွေရဲ့ ထောက်ပံ့လှူဒါန်းမှုနဲ့ ရပ်တည်နေရတာဖြစ်လို့ ငွေကြေးလိုအပ်ချက်တွေရှိနေတယ်လို့ အဖွဲ့တာဝန်ရှိသူ မဖူးဝေက ပြောပါတယ်။
ယင်းမာပင်ခရိုင်အတွင်းက မီးဘေးသင့်ပြည်သူတွေဟာ နီးစပ်ရာ မီးလောင်ပြင်နဲ့ဝေးတဲ့ ကျေးရွာဘုန်းကြီးကျောင်း စာသင်ကျောင်းတွေနဲ့ မီးလောင်ပြင်က နေအိမ်တွေနေရာမှာ ထန်းရွက်မိုးတဲ ၊ မိုးကာ ယာယီတဲတွေနဲ့ နေထိုင်ရပါတယ်။
စားသောက်ရေးအတွက်လည်း စိုက်ပျိုးရေးနဲ့ ကြုံရာကျပန်းအလုပ်တွေသာ လုပ်ကိုင်ကြရတဲ့ အတွက် ကုန်စျေးနှုန်းကြီးမြင့်တာကြောင့် ဝင်ငွေထွက်ငွေမလုံလောက်ဘဲ စားသောက်ရေး အခက်အခဲကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး လက်ရှိအချိန်အထိ လူနေအိမ်ခြေပေါင်း ၂၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးဘေးသင့် စစ်ရှောင်ပြည်သူ အယောက် ၉၀၀၀ နီးပါး စားရေးသောက်ရေး အခက်အခဲရှိနေတယ်လို့ ဆားလင်းကြီးမြို့နယ် လူသားစာနာအဖွဲ့ဆီက သိရပါတယ်။
လင်းအိမ်