ကျောင်းသားခေါင်းဆောင် မဆုရည်လင်းကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၁ဝ နှစ်ထပ်မံချမှတ်လိုက်တဲ့အပြင် တရားရုံးကို လာရောက်တဲ့ မိသားစုဝင်နှစ်ဦးကိုပါ ဖမ်းဆီးစစ်ဆေးနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ မဆုရည်လင်း (ခ) လင်းလင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ (ည) နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီလ ၂၉ ရက်မှာ ထောင်ဒဏ် ၁ဝ နှစ်ထပ်မံချမှတ်ခဲ့တာပါ။
မဆုရည်လင်းဟာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ မှတ်ပုံတင်အတုပြုလုပ်မှုတို့နဲ့ အရင်က ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရပါတယ်။ အခုထပ်တိုး ထောင်ဒဏ်ကြောင့် ကျောင်းသားခေါင်းဆောင် မဆုရည်လင်းဟာ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံထားရပါတယ်။
သူ့ရဲ့ အဒေါ်ဖြစ်သူ အသက် ၅ဝ ဝန်းကျင်အရွယ် နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်နီမိုလှိုင်အပါအဝင် မိသားစုဝင်နှစ်ဦးတို့ကိုလည်း မဆုရည်လင်းကို ထောင်ဒဏ် ၁ဝ နှစ်မချမှတ်ခင် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကို သွားရောက်ချိန် စစ်ကောင်စီက ဖမ်းဆီးသွားပြီး စစ်ဆေးနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အသက် ၂၇ နှစ်ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် မဆုရည်လင်းဟာ ပန်းနာရင်ကြပ်ရောဂါအခံရှိ သူဖြစ်ပြီး ဖမ်းဆီးအကျဉ်းချခံရပြီးနောက်ပိုင်း အစာအိမ်ရောဂါကိုပါ ခံစားနေရသူဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ မဆုရည်လင်းဟာ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတခုကို သွားရောက်ချိန် တခြားသပိတ်လူငယ်တဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။
ဖူးအိအိနွယ်