Home
မြန်မာသတင်း
BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA)က စစ်မှုထမ်းရန် တပ်သားသစ် ဖိတ်ခေါ်
DVB
·
March 5, 2024
BGF_05032024

ကရင်နယ်ခြားစောင့်တပ် (BGF) က ကရင်အမျိုးသားတပ်မတော်(KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း တရားဝင်မထုတ်ပြန်သေးပေမဲ့  ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်မှုထမ်းဖို့ တပ်သားသစ်တွေ ဖိတ်ခေါ်နေပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်ကောင်စီတပ်အောက်ကနေ သီးခြားရပ်တည်ဖို့ တောင်းဆိုခဲ့အပြီးမှာ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

စစ်ကောင်စီက ထောက်ပံ့တဲ့ ရိက္ခာနဲ့ လစာတွေကို မယူဘဲ KNA အဖြစ် သီးသန့် ရပ်တည်သွားမယ့် ကိစ္စနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ နောက်ဆုံးအပတ်က ဘီဂျီအက်ဖ် တပ်နယ် ၄ ခုက တပ်နယ်မှူးတွေအားလုံး တက်ရောက်တဲ့ အစည်းအဝေးမှာ သဘောတူညီ အတူတကွ ဆုံးဖြတ်ခဲ့တာလို့ တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းက ကေအိုင်စီသတင်းဌာနကို ပြောဆိုထားပါတယ်။

လတ်တလောမှာ တရားဝင်ထုတ်ပြန်တာ မရှိသေးပေမဲ့ BGF ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ကရင်အမျိုးသားတပ်မတော် (KNA) မှာ တာဝန်ထမ်းဆောင်ဖို့ ဆိုင်းဘုတ်တွေ စိုက်ထူ ဖိတ်ခေါ်နေတာတွေ ရှိပါတယ်။

BGF အနေနဲ့ ကရင်အမျိုးသားတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းတာ ထူးထူးခြားခြား ပြောင်းလဲတာမရှိဘူးလို့  တိုးတက်သောကရင့်အမျိုးသားတပ်မတော် (DKBA) တာဝန်ရှိသူ ဗိုလ်မှူးကြီး စောစိန်ဝင်းက ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် (BGF) အနေနဲ့ အချက် ၂ ချက်တောင်းဆိုထားတဲ့အပေါ်  စစ်ခေါင်းဆောင်ဘက်က အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။

ဒါပေမဲ့ မော်လမြိုင် ရတခ တိုင်းမှူးနဲ့ တပ်မ ၂၂ တပ်မမှူးနဲ့ တာဝန်ရှိသူတွေဟာ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာကို ရဟတ်ယာဉ်နဲ့သွားရောက်ပြီး ဗိုလ်မှူးကြီး စောချစ်သူနဲ့ တွေ့ဆုံညှိနှိုင်းတာတွေ မကြာခဏပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းတဲ့အပေါ် လေ့လာ စောင့်ကြည့်ရမှာဖြစ်ပြီး အကောင်းနဲ့အဆိုးတော့ ရှိနိုင်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေအရေး လေ့လာနေသူတစ်ယောက်က သုံးသပ်ပါတယ်။  

ဘားအံမြို့နေ တိုင်းရင်းသားလက်နက်ကိုင်အရေး လေ့လာသူတဦးက “မြဝတီမြို့နယ်ရှိ BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်စီမံကိန်းမှာလုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းကို ထိုင်းနဲ့ မြန်မာစစ်တပ် ပူးပေါင်းနှိမ်နင်းမယ်လို့ ပြောထားတာကြောင့်  နိုင်ငံတကာက စောင့်ကြည့်နေပါတယ်။ ပြီးခဲ့တဲ့လက မြဝတီမြို့နယ်တွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား တထောင်လောက်ကို BGF က တရုတ်နဲ့ ထိုင်းနိုင်ငံကို လွှဲပြောင်းပေးခဲ့ပါတယ်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ကို ၂၀၁၀ ပြည့်နှစ်မှာ တိုးတက်သော ကရင့်အမျိုးသားတပ်မတော် DKBA ကနေခွဲထွက်ပြီး ထူထောင်ခဲ့တာပါ။ 

စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဟာ တပ်နယ် ၄ ခုကို တပ်ရင်း ၁၃ ခုနဲ့ ဖွဲ့စည်းခဲ့ပြီးနောက် ဗိုလ်မှူးကြီးစောချစ်သူက အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင် နေပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013