Home
နိုင်ငံတကာ
တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ စစ်ရေးလေ့ကျင့်မှု ရပ်တန့်ရန် မြောက်ကိုရီးယား တိုက်တွန်း
DVB
·
March 5, 2024
NorthKorea_05032024

တောင်ကိုရီးယားနဲ့ အမေရိကန်တို့အနေနဲ့ စစ်ရေးလေ့ကျင့်မှုကို ရပ်တန့်လိုက်ဖို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ပြီး အဲဒီစစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲရဲ့ အစမ်းလေ့ကျင့်မှုတွေဖြစ်ကာ နောက်ဆက်တွဲဆိုးကျိုးတွေကို သတိပေးလိုက်တာလို့ မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA က မတ်လ ၅ ရက်မှာ အစီရင်ခံခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်စစ်တပ်တွေဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် တပ်ဖွဲ့ဝင် အရေအတွက် ၂ ဆတိုးထားတဲ့ သူတို့ရဲ့ နှစ်စဉ် နွေဦးစစ်ရေးလေ့ကျင့်မှုကို မတ်လ ၄ ရက် တနင်္လာနေ့မှာ စတင်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့ နျူးကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေအပေါ် သူတို့ရဲ့တုံ့ပြန်မှုတွေကို မြှင့်တင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

“နျူးကလီးယားစစ်ပွဲ မီးထတောက်နိုင်တဲ့ ကိုရီးယားကျွန်းဆွယ်မှာ ကမ္ဘာ့အကြီးဆုံး နျူးကလီးယားလက်နက်နိုင်ငံနဲ့ သူ့နောက်လိုက် ၁၀ နိုင်ငံလောက်က ပြုလုပ်တဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှုဟာ ဘယ်တော့မှ ခုခံကာကွယ်စစ် မဖြစ်နိုင်ဘဲ မြောက်ကိုရီးယားကို ကျူးကျော်ဖို့ ကြိုးပမ်းမှုသာဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တယ်” လို့ KRT သတင်းဖတ်ကြားသူက အစီရင်ခံသွားပါတယ်။

ပြုံယမ်းကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူတဦးက ဒီအထိန်းအကွပ်မဲ့၊ မဆင်မခြင် စစ်ရေးလေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောဆိုခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ သူတို့ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှုတွေအတွက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမယ့်အကြောင်း ပြောကြားခဲ့တယ် လို့လည်း ဆိုပါတယ်။

သူတို့ရဲ့လုံခြုံရေးကို အချိန်တိုင်း စိုးရိမ်ထိတ်လန့်နေရတဲ့ အဆင့်မှာ ရှိနေရလိမ့်မယ်လို့လည်း ပြောကြားခဲ့ပြီး ဒီစစ်ရေးလေ့ကျင့်မှုမှာ ကုလသမဂ္ဂ ကွပ်ကဲမှု တပ်ဖွဲ့ဝင် ၁၁ နိုင်ငံ တိုးမြှင့်ပါဝင်လာမှုကိုလည်း ထောက်ပြခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024