Home
မြန်မာသတင်း
မူဆယ်တွင် ပေါက်ကွဲမှုဖြစ်ပြီး အလုပ်သမား ၅ ဦး ဒဏ်ရာရ
DVB
·
March 5, 2024
musal_95032024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် နယ်စပ်မြို့၊ ကောင်းမှုလွယ်၊ နယ်မြေ ၆ မှာ မတ် ၅ ရက် မနက် ၁၀ နာရီခွဲကျော်လောက်က မတော်တဆမှုကြောင့် ကားပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး အလုပ်သမား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အကူအညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “တရုတ် ၁၂ ဘီးကားပေါ်မှာ ဆီတိုင်ကီလိုအိုး၊ ဘာတွေထည့်ထားလဲတော့ မသိဘူး။ အလုပ်လုပ်ဖို့သွားရင်းနဲ့ ကျောက်စက်နဲ့ ဖြတ်တဲ့အချိန်မှာ ပေါက်ကွဲပြီးတော့ ပွင့်ထွက်သွားတာ” လို့ ပြောပါတယ်။

အမျိုးသားအလုပ်သမား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျောက်စက်တိုက်တဲ့သူက မျက်စိထိခိုက်သွားကာ ၂ ‌ဦးကတော့ အပေါ်ကို မြောက်တက်သွားပြီးမှ ပြုတ်ကျကာ တယောက်က လက်ကျိုးသွားပြီး နောက်ထပ် ၂ ယောက်ကဝောာ့ မီးလောင်ထားပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သူက ပြောပါတယ်။

ဒီပေါက်ကွဲမှုကို မြို့နယ်ဗဟိုမီးသတ်အဖွဲ့၊ ကောင်းမှုလွယ် မီးသတ်အဖွဲ့၊ ရွှေလင်းရောင် လူမှုကူညီရေးအသင်း၊ သဒ္ဓါဖြူစင် ပရဟိတအသင်း၊ နှလုံးလှ ပရဟိတအသင်းတို့က ဝိုင်းဝန်းကူညီ ကယ်ဆယ်ပေးခဲ့ပြီး ဗဟိုဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ပေါက်တာတော့ ဆန်ဂိုဒေါင်မှာ ပေါက်တာရှင့်။ ဆေးရုံကို ၄ ယောက် ရောက်လာတယ်။ ထိတဲ့သူတွေက အမျိုးသား အလုပ်သမားတွေပါ။ ၂ ယောက်က ဒဏ်ရာပြင်းပါတယ်ရှင့်။ အဲဒီ ၂ ယောက်ထဲက ၁ ယောက်က လက်ကျိုးသွားပါတယ်။ အခု ကျနော်တို့ ဗဟိုဆေးရုံမှာပါ” လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ မတော်တဆမှုမဖြစ်အောင် ကြိုတင်သတိပေး အမှတ်အသားတွေ လုပ်ထားသင့်ကြောင်း ကူညီကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024