Home
မြန်မာသတင်း
ကျိုက်လတ်တွင် စစ်တပ်က ဆိုင်ကယ်များကိုဖမ်းဆီးပြီး ကျပ် ၂ သိန်းအထိ တောင်းယူ
DVB
·
March 5, 2024
kyeik 532024

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြကာ ဆိုင်ကယ်တွေကို ဖမ်းဆီးနေပြီး ဆိုင်ကယ် ၁ စီးကို ငွေကျပ် ၂ သိန်းအထိ ခြိမ်းခြောက် တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်လတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖေဖော်ဝါရီ တတိယ အပတ်ကနေ ဒီနေ့အထိ လုံခြုံရေးအကြောင်းပြကာ ဆိုင်ကယ်တွေကို စစ်ဆေးပြီး ဆိုင်ကယ် ၁ စီး ငွေကျပ် ၂ သိန်းအထိ တောင်းယူနေတာလို့ ဆိုပါတယ်။

ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဒေသခံ ၁ ယောက်က “စစ်ကောင်စီ လက်အောက်ခံတွေက ဆိုင်ကယ်ကို အရင်ဖမ်းတယ် ပြီးတော့မှ လာရွေးခိုင်းတာ။ တောင်းတဲ့ ပမာဏကလည်း ၂ သိန်းတဲ့။ ၂ သိန်းပေးမှ ဆိုင်ကယ်ပြန်ပေးတာ။ ၂ သိန်းတောင်းတာ များတယ်ထင်လား၊ ဘာလုပ်ချင်လဲ မေးတာ။ ငါတို့က လူပါ ဖမ်းထောင်ချလို့ရတယ်လို့ ခြိမ်းခြောက်သေးတာ” လို့ ပြောပါတယ်။

ကျိုက်လတ်မြို့နယ်က စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သူတို့ငွေပြတ်တာနဲ့ ဆိုင်ကယ်တွေ၊ ရေယာဉ်တွေကို အမျိုးမျိုးအကြောင်းပြ စစ်ဆေး ငွေညှစ်နေတာဖြစ်ပြီး အထက်အဆင့်ဆင့်က သိလည်း အရေးမယူတဲ့အပြင် လုပ်စားခွင့်ပေးထားတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

'”အထက်ဆိုတဲ့သူတွေဆီ တိုင်လည်း အကြောင်းမထူးဘူး၊ အဲဒီအထက်ကိုက မြင်လျက်နဲ့ ကန်းနေတာ။ အရင်ရက်ပိုင်းကဆို ၇ ရက်ကို ကျပ်သိန်း ၂၀၀ အထိ စစ်ကောင်စီကို ရန်ပုံငွေရှာပေးဖို့ သတ်မှတ်ထားတယ်လို့ ကြားတယ်။ အခုလို ပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျတာ ဘာဆန်းမလဲ” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ကျိုက်လတ်မြို့က ဒေသခံ အမျိုးသမီး ၁ ယောက်က “လမ်းဆုံ လမ်းခွတွေမှာ ခိုးချောင်ခိုးဝှက် ပုန်းဖမ်းတာ။ မြို့ပေါ်တက် ဈေးမဝယ်ရဲသလောက်ပဲ။ မီးဖိုချောင်သုံးပစ္စည်းလေး နည်းနည်းတက်ဝယ်ရင်တောင် ငွေ ၄ သိန်းလောက် မပါရင် အဆင်မပြေဘူး။ ၂ သိန်းက သူတောင်းစားတွေအတွက်လေ” လို့ ပြောပါတယ်။

ကျိုက်လတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း မော်တော်ဆိုင်ကယ် ဦးထုပ်မကောင်းလို့ ဆိုပြီး လူငယ်အမျိုးသား ၇ ယောက်ကို စစ်ကောင်စီရဲနဲ့ တပ်က ဖမ်းဆီးပြီး ၁ ယောက်ကို ၅ သိန်းဆီ ငွေညှစ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013