တနင်္သာရီတိုင်း ထားဝယ်မြို့ ဇဟာကျေးရွာရှိ ဇဟာအမြောက်တပ်ကို မတ် ၃ ရက်မှာ ဗထူးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦးသေဆုံးပြီး အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဗထူးတပ်မတော်က ပြောပါတယ်။
ထားဝယ်မြို့ ဇဟာကျေးရွာရှိ စစ်သားအင်အား ၁၀၀ ခန့်ရှိတဲ့ ဇဟာအမြောက်တပ်တပ်ရင်းဂိတ်ဝနဲ့ တပ်ရင်းထဲကို မတ် ၃ ရက် ညနေ ၅ နာရီက ၄၀ မမ နဲ့ လက်နက်ငယ်တွေ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဗထူးတပ်မတော်တာဝန်ရှိသူတဦးက "တပ်ရင်းအတွင်း တန်းစီနေတဲ့အချိန်တိုက်ခိုက်ခဲ့တာပါ။ စခ ၄ ဦးသေပြီး ဒဏ်ရာရရတဲ့သူတွေများတယ်။ သူတို့ဘက်က လက်နက်ကြီးရော လက်နက်ငယ်နဲ့ ပြန်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ထိခိုက်မှု မရှိခဲ့ပါဘူး" လို့ ပြောပါတယ်။
အထိနာနေတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြူလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း စစ်ရေးသတိနဲ့ သွားလာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ထားဝယ်မြို့နယ် နည်းပညာတက္ကသိုလ်အနီးမှာရှိတဲ့ ကားကင်းစခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဗထူးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။