စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူအယောက် ၄,၆၄၀ ထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ပြောပါတယ်။
ဒီစာရင်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ မတ်လ ၄ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၅၆ ယောက် လက်ရှိချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၂၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၁ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၄ ယောက် ရှိလာပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၀၆၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အေအေပီပီ မှတ်တမ်းနဲ့ သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အပါအဝင် နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာဒေသတွေ၊ စျေး၊ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေကို ပစ်မှတ်ထားကာ လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။