အိန္ဒိယနိုင်ငံမှာ စပိန်ကမ္ဘာလှည့်ခရီးသည်နှစ်ယောက်ကို တိုက်ခိုက်ပြီး အမျိုးသမီးကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသား ၃ ယောက်ကို ရဲတွေက ဖမ်းဆီးထားပြီး တခြား ၄ ယောက်ကို လိုက်ရှာနေတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက မတ်လ ၃ ရက်မှာ ပြောပါတယ်။
ရိုက်နှက်ခံထားရပုံပေါ်တဲ့ စပိန်နိုင်ငံသားနှစ်ယောက်ကို လမ်းဘေးမှာ ရဲတွေက ဒေသစံတော်ချိန် မတ်လ ၁ ရက် ည ၁၁ နာရီက တွေ့ခဲ့တာလို့ အိန္ဒိယအရှေ့ပိုင်း ဒမ်ခါမြို့က ရဲမှူး ပစ်တမ်ဘာဆင်းဂ် ခါဝါက ပြောပါတယ်။
ဓားစာခံ ဘယ်သူ ဘယ်ဝါ ဆိုတာနဲ့ ရာဇဝတ်မှု အကြောင်းအရာ အသေးစိတ်ကိုတော့ သူက မပြောခဲ့ပါဘူး။
ယောက်ျား ၇ ယောက် ပါဝင်ပတ်သက်နေတဲ့ ဖြစ်ရပ်မှာ ရက်စက်ရမ်းကားခံရတယ်လို့ ကမ္ဘာလှည့်ခရီးသည်နှစ်ယောက်က အာဏာပိုင်တွေကို ပြောခဲ့တယ်လို့လည်း ရဲမှူးက ပြောပါတယ်။
ဗင်းဆန့်နဲ့ ဖာနန်ဒါလို့ ပြောတဲ့ စပိန်ဇနီးမောင်နှံကတော့ တိုက်ခိုက်သူ ယောက်ျားတွေဟာ ဖာနန်ဒါကို အဓမ္မပြုကျင့်ခဲ့ပြီး ဗင်းဆန့်ကို ထပ်ခါတလဲလဲ ရိုက်နှက်ခဲ့တယ်လို့ စပိန်ရုပ်သံ အန်တာနာသရီးနဲ့ လူတွေ့မေးမြန်းခန်းမှာ မတ်လ ၂ ရက်က ပြောခဲ့ပါတယ်။
ဖမ်းဆီးခံတွေထဲက တယောက်က ပါဝင်ပတ်သက်သူတွေရဲ့ နာမည်တွေကို အာဏာပိုင်တွေဆီ ပြောခဲ့တယ်လို့ ရဲမှူးက ပြောပါတယ်။ ဒီအမှုအတွက် မှုခင်းဆေးသိပ္ပံ ဓာတ်ခွဲခန်းက ကူညီနေတယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
အခင်းဖြစ်ရာနေရာဆီ ဝန်ထမ်းတွေကို လွှတ်ထားပြီး အာဏာပိုင်တွေနဲ့ ထိတွေ့ ဆောင်ရွက်နေတယ်လို့ စပိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အမျိုးသမီးက စပိန်၊ ဘရာဇီး နိုင်ငံသား ၂ မျိုး ခံယူထားသူဖြစ်လို့ နယူးဒေလီမြို့တော်က ဘရာဇီးသံရုံးကတဆင့် အမျိုးသမီးနဲ့ ဆက်သွယ်နေပြီး အကူအညီပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဘရာဇီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
Source/Photo-Reuters