မဲခေါင်မြစ်ကြောမှာ ငါးကောင်ရေ တဖြည်းဖြည်း လျော့လာခဲ့ပြီးနောက် ခုတော့ မြစ်ထဲက ငါးတွေ ငါးပုံတပုံ နီးပါးဟာ မျိုးတုံးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ မတ်လ ၄ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပေမဲ့ မဲခေါင်မြစ် ကျန်းမာရေးကို ကယ်ဆယ်ဖို့ မျှော်လင့်ချက်ရှိတုန်းပဲလို့ မဲခေါင်မြစ် ထိန်းသိမ်းရေးအဖွဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။
ကမ္ဘာပေါ်မှာရှိသမျှ အရှားဆုံးနဲ့ အကြီးဆုံး ငါးတချို့ မဲခေါင်မြစ်ထဲမှာ ရှိနေသေးတယ်လို့ ကမ္ဘောဒီးယားအခြေစိုက် USAID - Wonders of the Mekong အဖွဲ့ကြီးရဲ့ ခေါင်းဆောင် ဖြစ်သူ ငါးဇီဝပညာရှင် ဇက်ဘ် ဟိုဂံက ပြောပါတယ်။
မြစ်ဝှမ်းမှာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြင့်လာတာနဲ့အမျှ ငါးမျိုးစိတ်တချို့ မျိုးတုံးသွားနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး ကုန်းတွင်းငါးအရင်းအမြစ်ဖြစ်တဲ့ မဲခေါင်မြစ်မှာ ခန့်မှန်းခြေ နှစ်စဉ် ငါးတန်ချိန် ၂ သန်းလောက် ဖမ်းယူနေလို့ အနာဂတ်မှာ စားနပ်ရိက္ခာ ဖူလုံရေးက ခြိမ်းခြောက်မှုဆီ ဦးတည်နေပြီး မဲခေါင်မြစ်အောက်ပိုင်း မြစ်ဝှမ်းက လူ သန်း ၄၀ ထက်မနည်း အပေါ် သက်ရောက်နိုင်တယ်လို့ မဲခေါင်ရဲ့ အမေ့ခံငါးများ အစီရင်ခံစာက ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာကို ကမ္ဘာ့သားရိုင်း ရန်ပုံငွေအဖွဲ့ (WWF) က ကမ္ဘာတဝန်းက ပင်လယ်နဲ့ သားရိုင်းထိန်းသိမ်းရေးအုပ်စု ၂၅ ခုနဲ့အတူ သတင်းအချက်အလက် စုဆောင်းထုတ်ပြန်ခဲ့တာပါ။
မြစ်ရေစီးကြောင်း ပြောင်းလဲတာ၊ ရေအရည်အသွေး ပြောင်းတာနဲ့ ငါးပေါက်ပွားမှု ပိတ်ဆို့တာတွေအတွက် အကြီးဆုံးတရားခံတွေက ရေအားလျှပ်စစ်ထုတ်တဲ့ ဆည်တွေပဲလို့လည်း နီဗားဒါး တက္ကသိုလ်အတွက်ပါ အလုပ်လုပ်နေတဲ့ ဟိုဂံက ထောက်ပြခဲ့ပါတယ်။
ဘယ်ငါးမျိုးစိတ်မှ မျိုးမတုံးသေးလို့ တကယ့်ကို အရေးယူဆောင်ရွက်မယ်ဆိုရင် ငါးလုပ်ငန်းဟာ ထုတ်လုပ်နိုင်စွမ်း ပြန်ကောင်းလာနိုင်သေးတယ်၊ ငါးလုပ်ငန်းနဲ့ ဒီအပေါ် မှီခိုနေတဲ့ ပြည်သူတွေအတွက် မျှော်လင့်ချက် ရှိသေးတယ်လို့လည်း ဟိုဂံက ပြောခဲ့ပါတယ်။
Source/Photo-Reuters