စစ်ကောင်စီတပ်နဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာပဲ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ မပါဝင်ဘူးလို့ ရက္ခိုင့်တပ်တော် (အေအေ) ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။
မတ်လ ၄ ရက် ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဗွီဘီရဲ့ မေးမြန်းချက်ကို အေအေ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အခုလို ပြောဆိုခဲ့တာပါ။
“ကျနော်တို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတို့ကြားမှာ ဟိုင်ဂင်သဘောတူညီချက် အတိုင်းပဲ တွေ့ဆုံဆွေးနွေးနေကြတာ ရှိပါတယ်။ ဟိုင်ဂင်က ရှမ်းမြောက်နဲ့ပဲ ဆိုင်ပါတယ်။”
ဒါကြောင့် ရခိုင်ပြည်နယ်မှာ ထိုးစစ်တွေ ဆက်ရှိမရှိ ဒီဗွီဘီရဲ့ နောက်ဆက်တွဲ မေးခွန်းကိုလည်း “လက်ရှိမြင်နေရတဲ့အတိုင်းပါပဲ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အေအေ အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ မြို့တွေ စစ်စခန်းတွေ အများအပြား စွန့်လွှတ်ခဲ့ရပြီးနောက် တရုတ်ရဲ့ ကြားဝင်မှုနဲ့အတူ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရှမ်းပြည်မြောက်ပိုင်းမှာ အပစ်အခတ် ယာယီရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။