ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ကျောက်ခဲနဲ့ ထုရိုက်ခဲ့တဲ့အတွက် တယောက် သေဆုံးပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မော်ကျေးရွာမှာ မနက် ၈ နာရီလောက်က မပေါက်ကွဲသေးတဲ့ ၆၀ မမ လက်နက်ကြီးကျည်ကို ကျောက်ခဲနဲ့ ထုရိုက်ခဲ့သူ အမျိုးသားတယောက် သေဆုံးပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “ဘယ်ကရလာတဲ့ လက်နက်ကြီးကျည်လဲတော့ မသိဘူး။ ၆၀ မမ လက်နက်ကြီးကျည်ကို သုံးယောက်သား ကျောက်ခဲနဲ့ ဝိုင်းထုတာ။ ပေါက်ကွဲပြီး သုံးယောက်လုံး လွင့်ထွက်သွားတယ်။ ထုတဲ့တယောက်ကတော့ သေတယ်။ ကျန်နှစ်ယောက်လည်း ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် အသက် ၃၀ ကျော် အမျိုးသားတယောက် ဗိုက်ပွင့်သေဆုံးခဲ့ပြီး ကျန်နှစ်ယောက်တော့ ခြေထောက်၊ လက်နဲ့ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့တဲ့အတွက် ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြရပါတယ်။
ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ စစ်ရေး တင်းမာကာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးတာတွေရှိနေ ပါတယ်။