ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့နယ်ခွဲမှာ ဒေသခံ အမျိုးသား အယောက် ၄၀ လောက်ကို PDF တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဖမ်းခံရတဲ့ ဒေသခံ အယောက် ၄၀ ဟာ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကျောက်ပုံကျေးရွာနဲ့ ချောင်ခွကျေးရွာကဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ငွေနဲ့ ရိက္ခာတွေ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတာ။ အားလုံး အယောက် ၄၀ ကျော်ပေါ့နော်။ အမျိုးသား လူငယ်တွေချည်းပဲ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ဒေသခံတွေကို စစ်တပ်က ပုသိမ်မြို့မှာရှိတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ စစ်ဆေးနေသလို ပုသိမ်အကျဉ်းထောင်နဲ့ ပုသိမ်ရဲစခန်းမှာ စစ်ဆေးခံနေရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်သူတယောက်က “အဖမ်းခံရသူတွေထဲက ၉ ယောက်ကို ပြန်လွှတ်ပေးထားတယ်။ ကျန်တဲ့သူတွေက ဒီနေ့အထိ အဖမ်းခံရတုန်းပါ။ လွတ်လာတဲ့သူတွေကို PDF နဲ့ မပတ်သက်ပါဘူးဆိုတဲ့ ဝန်ခံကတိ ထိုးရတာတဲ့။ စစ်ဆေးနေတုန်းလို့ သိရတယ်။ ရခိုင်ဘက်မှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေလို့ ရခိုင်ဘက်က ထွက်ပြေးလာသူတွေကို လက်ခံမှာကို မလိုလားလို့ ရခိုင်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နေရာက ဒေသခံတွေကို အခုလို ဆက်တိုက်ဖမ်းဆီး စစ်ဆေးနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အဲဒီဒေသခံတွေကို ဖမ်းဆီးချိန် ကျောက်ပုံကျေးရွာက ဒေသခံတွေရဲ့ နေအိမ်အလုံး ၃၀ နဲ့ ချောင်းခွကျေးရွာက နေအိမ် ၁၁ လုံးကိုလည်း ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ တဆက်စပ်တည်း ရှိပြီး ရေလမ်း၊ ကုန်းလမ်းခရီး တိုက်ရိုက်ရောက်တဲ့ ငပုတော၊ သာပေါင်း၊ ငရုတ်ကောင်း၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ကြံခင်း စတဲ့ဒေသတွေမှာ စစ်တပ်က စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးခဲ့ရသေးတယ်လို့ သိရပါတယ်။