Home
မြန်မာသတင်း
မြိတ် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တွင် စစ်ကောင်စီ တပ်စွဲထား
DVB
·
March 3, 2024
Myeik Computer University_03032024

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်က နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တို့မှာ စစ်ကောင်စီဘက်က လုံခြုံရေးအကြောင်းပြ တပ်စွဲထားတာကြောင့် ကျောင်းသား ကျောင်းသူတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားအင်အား ၁၀ ယောက်ကျော်ဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညပိုင်းလောက်က မြိတ်နည်းပညာတက္ကသိုလ်မှာ ဝင်ရောက်တပ်စွဲထားပြီး မြိတ်ကွန်ပျူတာတက္ကသိုလ်မှာတော့ တပ်သားအင်အား ၁၀ ယောက်လောက်က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ကျောင်းသားတွေဆီက သိရပါတယ်။

နည်းပညာတက္ကသိုလ်ကျောင်းသားတယောက်က “စစ်ကားတစီးနဲ့ အိမ်စီးကားတစီး ကျောင်းထဲဝင်လာပြီး အင်အား ၁၀ ကျော်လောက် ရိက္ခာတွေနဲ့ ယောက်ျားကလေးအဆောင် အနောက်ဘက်မှာ ကင်းပုန်းချထားတယ်။ တချို့ကလည်း စခန်းချထားတဲ့ညမှာ သိသိချင်း ကျောင်းမလာတက်ကြတော့ဘူး။ သေနတ်ကြီး တကားကားနဲ့ ကျောင်းဝင်းထဲမှာ လျှောက်သွားနေတော့ ကြောက်နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး တပ်စွဲထားတာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က

ထားဝယ်နည်းပညာတက္ကသိုလ်က Non CDM ဝန်ထမ်း ၃ ယောက်ကို ဗထူးတပ်မတော်က ဖမ်းဆီးထိန်းသိမ်းတဲ့ ဖြစ်စဉ်ကြောင့်ဖြစ်တယ်လို့ ကျောင်းသားတွေက သုံးသပ်ပြောဆိုပါတယ်။

ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတယောက်က “ပုံမှန်ဆို ပင်မဂိတ်တံခါးကြီး ဖွင့်ထားပြီး အခုတော့ နံဘေးတံခါးပဲ ဖွင့်ပေးတယ်။ စကစ ကလာတော့ စိုးရိမ်မိတာတော့ ရှိပါတယ်။ အရင်ကထက် စာရင်တော့ အပြုအမူဆင်ခြင်နေရတယ်။ ကျောင်းပြီးလို့ အိမ်တန်းပြန်မယ့်သူတွေက သိပ်မစိုးရိမ်ပေမယ့် ကျောင်းမှာအဆောင်နေပြီး တက်နေတဲ့သူတွေက ပိုစိုးရိမ်ကြပါတယ်” လို့ ပြောပါတယ်။

၂၀၂၃-၂၄ ပညာသင်နှစ် မြိတ်နည်းပညာတက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူ ဦးရေ ၄၀၀ လောက်ရှိပြီး မြိတ်ကွန်ပျူတာတက္ကသိုလ်မှာတော့ ကျောင်းသား ကျောင်းသူဦးရေ  ၃၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

ကွန်ပျူတာတက္ကသိုလ်(မြိတ်)ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတယောက်ကလည်း “ဂျီနီဗာ သဘောတူစာချုပ်မှာ ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေမှာ စစ်ရေးရည်မှန်းချက်အရ အသုံးပြုခွင့်မရှိဘူး။ စစ်ကောင်စီအနေနဲ့ ကျောင်းပရဝဏ်မှာ တပ်စွဲတာဟာ လူသားဒိုင်း လုပ်နေတယ်လို့ မြင်တယ်။ အခုလိုမျိုး လုံခြုံရေး အကြောင်းပြပြီး တပ်စွဲတာဟာ စစ်ရာဇဝတ်မှုကို ချိုးဖောက်တာပဲ” လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013