အတိုက်အခံတွေကို ထောင်ချ သတ်ဖြတ်ပြီး၊ အိမ်နီးချင်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားလို နိုင်ငံမျိုးဟာ ဒီမိုကရေစီလက်ချာ ပေးပိုင်ခွင့်မရှိဘူးလို့ မော်လ်ဒိုဗာ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။
မော်လ်ဒိုဗာနိုင်ငံကနေ ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ထရန်စ်နီးစ်ထရီးယားဒေသဟာ မော်စကိုဆီကနေ အကူအညီတောင်းခဲ့ပြီးနောက်မှာ နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေတာ ဖြစ်ပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က မော်လ်ဒိုဗာနိုင်ငံလည်း ကိယက်ဗ်(ယူကရိန်း) ခြေရာနင်းသွားရမယ်လို့ ဒီတပတ်ထဲ သတိပေးခဲ့ပါတယ်။
“ဝန်ကြီးလက်ဗ်ရော့နဲ့ ကရင်မလင်အစိုးရဟာ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်တို့နဲ့ပတ်သက်ပြီး ဆရာ လုပ်ပိုင်ခွင့် မရှိပါဘူး။ အတိုက်အခံ နိုင်ငံရေးသမားတွေကို ထောင်ချ သတ်ဖြတ်နေတဲ့ နိုင်ငံ၊ အိမ်နီးချင်းတွေကို ကျိုးကြောင်းမဆီလျော်ဘဲ တိုက်ခိုက်နေတဲ့ နိုင်ငံဟာ ကမ္ဘာကြီးအတွက် သွေးမြေကျမှုနဲ့ နာကျင်မှုကလွဲရင် ဘာမှ မပေးနိုင်ပါဘူး” လို့ မော်လ်ဒိုဗာ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
အသက် ၄၇ နှစ်အရွယ် ရုရှား အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်နီဟာ ထောင်သွင်း အကျဉ်းချခံထားရစဉ် သေဆုံးသွားတဲ့ကိစ္စနဲ့ ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ ကိစ္စတို့အပေါ် ရည်ညွှန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထရန်စ်နီးစ်ထရီးယားဒေသမှာ ရုရှားနိုင်ငံသား ၂၂၀,၀၀၀ ရှိတယ်ဆိုပြီး ရုရှားဘက်က ထုတ်ပြောထားသလို ယူကရိန်းတောင်ပိုင်းကို သိမ်းရင်းနဲ့ ကပ်လျက်ရှိနေတဲ့ ဒီဒေသကိုပါ ရုရှားက ကျူးကျော်မှာကို စိုးရိမ်နေကြပါတယ်။
မော်လ်ဒိုဗာနိုင်ငံဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်လောင်းအဖြစ် လျှောက်ထားဆဲနိုင်ငံ ဖြစ်ပြီး ၂၀၃၀ မှာ အဖွဲ့ဝင်ဖြစ်ဖို့ ရည်မှန်းပြီး ဥရောပအကူအညီနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ရုရှားက အမျိုးမျိုးနှောင့်ယှက်ပြီး မတည်ငြိမ်အောင် လုပ်နေတယ်လို့ မော်လ်ဒိုဗာဘက်က စွပ်စွဲထားပါတယ်။
Source/Photo- REUTERS/Vladislav Bachev