Home
မြန်မာသတင်း
သေဒဏ် ၂ ကြိမ် ချခံထားရသူ ၄ ဦးအပါအဝင် ၇ ဦးကို သေဒဏ်ထပ်မံချမှတ် 
DVB
·
March 3, 2024
Pathein Prison_0303202

ဧရာဝတီတိုင်းမှာ သေဒဏ် ၂ ကြိမ်ချမှတ်ခံထားရသူ ၄ ယောက်အပါအဝင် နိုင်ငံရေးအကျဉ်းသား အမျိုးသား ၇ ယောက်ကို စစ်ကောင်စီဩဇာခံ တရားသူကြီးက သေဒဏ်တွေ ထပ်ချခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

ဖေဖော်ဝါရီ ၂၉ ရက်က ပုသိမ်ထောင်တွင်းတရားရုံးမှာ သေဒဏ် ၂ ကြိမ်ချမှတ်ခံထားရသူ ၄ ယောက်၊ သေဒဏ် ၁ ကြိမ်ချမှတ်ခံထားရသူ ၁ ယောက် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇ ယောက်ကို ရုံးထုတ်ပြီး ဖျာပုံခရိုင် တရားသူကြီးဆိုသူက Video conferencing စနစ်နဲ့ သေဒဏ်အမိန့်တွေ ထပ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

သူတို့ ၇ ယောက်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်က ဖျာပုံမြို့၊ အမှတ် ၁၅ ရပ်ကွက်မှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ဦးလူမင်း သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်မှာ ပါဝင်တယ်လို့ဆိုကာ စစ်တပ်က ၂၀၂၂ ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်တပ် စစ်ကြောရေးမှာ နှိပ်စက်ခံရပြီးနောက် ဖျာပုံအကျဉ်းထောင်မှာ အကျဉ်းချထားခံခဲ့ရတာလို့ သိရပါတယ်။ 

အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “သေဒဏ် ၂ ခါ ချမှတ်ခံထားရသူ ၄ ယောက်က အခု သေဒဏ် ၃ ခါဖြစ်သွားပါပြီ။ သေဒဏ် ၁ ခါချမှတ်ခံထားရသူ ၁ ယောက်က အခု သေဒဏ် ၂ ခါ ဖြစ်သွားပါပြီ။ သူတို့အားလုံးကို လူသတ်ရန် အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ လူသတ်မှုပုဒ်မ ၃၀၂-၁ (ခ)တို့နဲ့ သေဒဏ်ထပ်ချခဲ့တာပါ” လို့ ပြောပါတယ်။ 

သေဒဏ် ၃ ကြိမ်ချမှတ်ခံထားရသူတွေကတော့ ကိုသူရဖြိုး(ခ)ဝ တုတ်၊ ကိုထွန်းထွန်းဦး (ခ)စနေ၊ ကိုကျော်ဆန်းဦးနဲ့ ကိုကိုအောင်(ခ)ဂွတ်တီးတို့ ဖြစ်ပြီး ကိုအောင်မိုးမြင့်က သေဒဏ် ၂ ကြိမ်၊ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံထားရတဲ့  ကိုဝင်းမြတ်သိန်းဇော်၊ ကိုကောင်းစည်သူ တို့ကိုတော့ သေဒဏ် ၁ ကြိမ်စီချမှတ်ခံရတယ်လို့ သိရပါတယ်။ 

မိသားစုနဲ့ နီးစပ်သူတယောက်က “သူတို့အားလုံးကို  ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၀ ရက်က ဖျာပုံကနေ ပုသိမ်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာလို့ သိရတယ်။ ပုသိမ်ထောင်တွင်း တရားရုံးကနေ ရုံးထုတ်စစ် ဆေးပြီး အခုလို သေဒဏ်များထပ်မံချမှတ်နေတာ” လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ သေဒဏ်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၇ ယောက်ကို ထောင်အာဏာပိုင်တွေက ပုသိမ်အကျဉ်းထောင်အတွင်း တိုက်ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ စစ်တပ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် သေဒဏ် ချမှတ်ခံရသူ စုစုပေါင်း ၁၆၄ ယောက်အထိ ရှိတယ်လို့သိရပါတယ်။ 

ဒါ့အပြင်၂၀၂၂ ခုနှစ် ဇန်နဝါရီလက အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု(ခ)ဦးဂျင်မီ၊ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ လှိုင်သာယာမြို့နယ်က ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013