ရန်ကုန်တိုင်းထဲကက မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ မြောက်ဒဂုံနဲ့ ရွှေပြည်သာမြို့နယ်တို့မှာ တခြားနေရာကနေ ပြောင်းရွှေ့လာသူတွေကို ပြောင်းရွှေ့လာတဲ့ ဒေသက ထောက်ခံစာ မပါလာရင် ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက ဧည့်စာရင်း တိုင်ကြားခွင့်မပေးဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
၂၀၂၄ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က စပြီး ဒီလိုဧည့်စာရင်း မပေးတာကြောင့် စစ်ကောင်စီဘက်က ဧည့်စာရင်း လာရောက်စစ်ဆေးတဲ့အချိန် မှတ်တမ်းစာရွက် မပြနိုင်ဘဲ ငွေဒဏ်ရိုက်ခံရတာအပြင် ရပ်ကွက်ရုံးကို တည ခေါ်ပြီး စစ်ဆေးခံရသူတွေလည်း ရှိနေပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတယောက်က “၂ လပိုင်း ၂၈၊ ၂၉ ရက် လောက်ကစပြီး ဧည့်စာရင်း ညတိုင်းနီးပါး စစ်တာ။ အရင်က မတိုင်ထားလို့ သွားတိုင်ရင်လည်း မပေးဘူး။ ပျက်ကွက်တာကြာလို့ ရက်ကျော်ဆိုရင်လည်း မပေးဘူး။ ပြောင်းလာတဲ့နေရာက ထောက်ခံစာ တောင်းတယ်။ မပါရင် လုံးဝကို မရေးပေးတာ” လို့ ပြောပါတယ်။
ဒါ့အပြင် ငွေဒဏ်ရိုက်တဲ့အခါ ဧည့်စာရင်းဥပဒေမှာ သတ်မှတ်ထားတဲ့ ငွေဒဏ် ၁ သောင်းကျပ်ထက် ပိုပေးဆောင်နေရပြီး မပေးနိုင်တဲ့သူတွေကို ရပ်ကွက်ထဲက မြောင်းဖော်ခိုင်းတာ၊ အမှိုက်ကောက်ခိုင်းတာမျိုးတွေ ပြုလုပ်ခိုင်းနေတယ်လို့လည်း သိရပါတယ်။
ရပ်ကွက်ရုံးအဖွဲ့ဝင်တယောက်က “အရင်က နားလည်မှုနဲ့ ရပ်ကွက်က မိသားစုက ထောက်ခံပေးရင် ဧည့်စာရင်းလုပ်ပေးပါတယ်။ ထောက်ခံစာလိုရင်လည်း viber တို့က ပုံရိုက်ခိုင်းပြီး ပို့ခိုင်းရင် ရတယ်။ အခု ထောက်ခံစာက မူရင်းပြမှ ဧည့်စာရင်းပေးမယ့် စနစ်ဖြစ်သွားတာ။ ဓာတ်ပုံနဲ့ တွဲတိုင်ခိုင်းတာတော့ တနှစ်ကတည်းက(၂၀၂၂) ပါ” လို့ ပြောပါတယ်။
နယ်ကနေ ရန်ကုန်ကို ပြောင်းရွှေ့တာ၊ မြို့နယ်အချင်းချင်း ပြောင်းရွှေ့တာမျိုးနဲ့ တမြို့နယ်တည်း ရပ်ကွက်တခုကနေ နောက်တခုကို ပြောင်းရွှေ့နေထိုင်တာမျိုးမှာ ဧည့်စာရင်းတိုင်ကြရတာဖြစ်ပြီး ပြောင်းရွှေ့ နယ်ကျော် ထောက်ခံစာလုပ်တဲ့အခါမှာလည်း နေထိုင်ရာရပ်ကွက်ရုံးမှာ ထောက်ခံစာကြေး ကျပ် ၂,၀၀၀ ကနေ ကျပ် ၅,၀၀၀ အထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။