Home
မြန်မာသတင်း
အိန္ဒိယကို တရားမဝင် ဝင်ရောက်သည့် မြန်မာ ၈ ဦး ဖမ်းဆီးခံရ
DVB
·
March 1, 2024
India arrested Myanmar_01032024

အိန္ဒိယနိုင်ငံဘက်ကို တရားမဝင် ခိုးဝင်လာခဲ့တဲ့ မြန်မာ ၈ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယတိုင်းမ်သတင်းမှာ ဖေဖော်ဝါရီ ၂၉ ရက်စွဲနဲ့ ဖော်ပြပါတယ်။

အဆိုပါ ခိုးဝင်မြန်မာ ၈ ယောက်ဟာ အသက် ၂၅ နှစ်ကနေ ၅၅ နှစ်ကြား အရွယ်တွေဖြစ်ကာ သူတို့ကို မဟာရာရှတရာပြည်နယ်၊ မီရာဘာရန်ဒါမြို့၊ ဥတန်ကမ်းရိုးတန်းမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

သတင်းပေးချက်အရ ရဲအရာရှိ ကူနဲ ကူရဝဒ် ဦးဆောင်တဲ့အဖွဲ့က ကမ်းရိုးတန်းရဲစခန်း အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရှာဖွေစစ်ဆေးချိန်မှာ ချောင်ကျေးရွာ ငါးဖမ်းဆိပ်ခံတံတားမှာ သူတို့ကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ထူးခြားချက်အနေနဲ့ အဆိုပါ ခိုးဝင်ရွှေ့ပြောင်းဝင်ရောက်လာတဲ့သူတွေဟာ ဟင်ဒီဘာသာ စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်တာကို တွေ့ရှိရပြီး သူတို့ကို စစ်ဆေးချိန်မှာ နိုင်ငံအတွင်း နေထိုင်ခွင့်အတွက် တရားဝင် စာရွက်စာတမ်း တစုံတရာ မပြသနိုင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းထားပြီး အိန္ဒိယပတ်စ်ပို့အက်ဥပဒေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား အက်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို ရဲတွေက ရိုဟင်ဂျာတွေလို့ သံသယရှိနေပြီး သူတို့ဟာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတွေမှာ အကူအနေနဲ့ အလုပ်ရှာဖွေဖို့ ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့ကို ဥပဒေအရ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013