၂၀၂၂ ခုနှစ်တုန်းက အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လွှတ်တော်ရွေးကောက်ပွဲတွေကို မတ်လ ၁ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
ခေါင်းမြီးစနစ်တကျမခြုံလို့ ကိုယ်ကျင့်တရားဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရတဲ့ မိန်းကလေး သေဆုံးခဲ့ပြီးတဲ့နောက် ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့ ဂယက်က အခုရွေးကောက်ပွဲကာလအထိ ဆက်ရှိနေပါတယ်။
လူ ၆၁ ဒသမ ၂ သန်း မဲပေးပိုင်ခွင့်ရှိပေမဲ့ ၄၁ ရာခိုင်နှုန်းလောက်ပဲ မဲလာပေးကြမယ်လို့ နိုင်ငံပိုင်စစ်တမ်းတွေမှာ ဖော်ပြပါတယ်။
ဒါဟာ ရွေးကောက်ပွဲ ၁၂ ကြိမ် ကျင်းပခဲ့တဲ့အထဲမှာ မဲလာပေးသူ ရာခိုင်နှုန်း အနည်းဆုံး ရွေးကောက်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် မဲလာပေးကြဖို့ အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာခါမေနီ ကိုယ်တိုင် နှိုးဆော်မှုတွေ လုပ်ခဲ့ပါတယ်။
မဲပေးသူတွေဟာ အီရန်အတိုင်ပင်ခံလွှတ်တော်လို့ခေါ်တဲ့ တခုတည်းသော လွှတ်တော်အတွက် အမတ်တွေရွေးဖို့ မဲတပုံး၊ ပညာရှင်လွှတ်တော်လို့ ခေါ်တဲ့ ဘာသာရေးပညာရှင်တွေကို ရွေးဖို့ မဲပုံးတပုံး မဲထည့်ရတာ ဖြစ်ပါတယ်။
အတိုင်ပင်ခံလွှတ်တော်က ပုံမှန်အတိုင်း ဥပဒေပြုရေးကို တာဝန်ယူရပြီး ပညာရှင်လွှတ်တော်ကတော့ အီရန်ရဲ့ နိုင်ငံ့ဥသျှောင် ဘာသာရေးခေါင်းဆောင်ကြီးကို ရွေးချယ်တာနဲ့ ခေါင်းဆောင်ကြီးရဲ့ လုပ်ရပ်တွေဟာ အစ္စလာမ်ဘာသာရေးနဲ့ ညီညွတ်မှုရှိမရှိ စိစစ်တာတွေ လုပ်ရပါတယ်။
ဒါပေမဲ့ အနှစ် ၃၀ ကျော်ကြာ တာဝန်ယူထားတဲ့ ခေါင်းဆောင်ကြီး အယာတိုလာခါမေနီကို ပြန်လှန်ထိန်းကျောင်းနိုင်စွမ်း မရှိဘူးလို့ ဝေဖန်ခံရပါတယ်။
စိစစ်ပြီး ခွင့်ပြုတဲ့သူတွေသာ ဝင်ပြိုင်ခွင့်ရှိတဲ့ အတိုင်ပင်ခံလွှတ်တော် ရွေးကောက်ပွဲဟာလည်း လွတ်လပ်မှုမရှိ၊ တရားမျှတမှု မရှိဘူးလို့ ဝေဖန်ခံရပါတယ်။
ဒီနှစ်မှာ လွှတ်တော်အမတ်နေရာ ၂၉၀ အတွက် လူ ၁၅,၂၀၀ ဝင်ပြိုင်ခဲ့ကြရာမှာ ပြုပြင်ပြောင်းလဲရေးအုပ်စုက ၃၀ သာ ဝင်ပြိုင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
Source/Photo-Reuters