စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူ ၄,၆၁၃ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ၂၆,၂၁၀ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့ ၂၀၂၄ မတ် ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၄၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၂၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၁ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၆,၀၆၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ အဆိုပါကာလအတွင်း စစ်အုပ်စုလက်ချက်ကြောင့် ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်ဆီ တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။