ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ထဆောင်းယန်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ၃ ဦးတို့ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၃ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်သားတွေ၊ မယ်သောင်မြို့မရဲစခန်းက ရဲတပ်သားတွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ ထဆောင်းယန် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေစဉ် မသင်္ကာဖွယ်ရာ ပစ်ကပ်ကားနှစ်စီးကို တွေ့ရှိပြီး စစ်ဆေးခဲ့ပါတယ်။
ကားနှစ်စီးပေါ်မှာ ထိုင်းနိုင်ငံသား ပွဲစား ၃ ဦး ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို တွေ့ရှိခဲ့ရပြီး သူတို့ ၁၁ ဦးလုံးမှာ အထောက်အထား စာရွက်စာတမ်း မပါရှိဘူးလို့ ဆိုပါတယ်။
တရားမဝင် နိုင်ငံခြားသားတွေ တင်လာတဲ့ ပစ်ကပ်ကား ၂ စီးကိုလည်း သိမ်းဆည်းခဲ့ပြီး ဖမ်းဆီးရမိခဲ့တဲ့ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကိုတော့ ဥပဒေအရ ဆက်လက်အရေးယူသွားနိုင်ဖို့အတွက် မယ်သောင်မြို့မရဲစခန်းမှာ ဆက်လက် စစ်ဆေးနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အလားတူ တာ့ခ်ခရိုင် မဲ့လမမြို့နဲ့ ကျူ့တိုက်နယ် မယ်လဒုက္ခသည်စခန်းအနီး အဝင်ဂိတ်မှာ ဖေဖော်ဝါရီ ၂၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။