ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယမြို့နယ်ထဲမှာ မြောက်ပိုင်းကသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၁၀ သန်းကို ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၂၉ ရက် ည ၈ နာရီလောက်က မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ အဝေးပြေးလမ်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေဟာ အယုဒ္ဓယခရိုင် ဘန်ပဟန်မြို့နယ် ဟန်ဆန်အုပ်စုအပိုင်းရှိ အာရှလမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် ဓာတ်ဆီဆိုင်အနီးက အဖြူရောင် ၆ ဘီးကားတစီးကို မသင်္ကာလို့ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ ကားထဲမှာ ကောက်ရိုးစည်းတွေကြား ရောနှောထည့်လာတဲ့ မြွေရေခွံအိတ်ပေါင်း ၅၀ ကို တွေ့ရှိခဲ့တယ်၊ အိတ် ၁ လုံးစီမှာ စိတ်ကြွဆေး ၂ သိန်းစီ ထည့်ထားတာကြောင့် စိတ်ကြွဆေးပြားစုစုပေါင်း ၁၀ သန်းကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ အသက် ၄၇ နှစ်အရွယ် နိုင်းကျရတ်နဲ့ အဖော်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် နိုင်းထီရနန် တို့ကို ဖမ်းဆီးထားကြောင်း၊ သူတို့နှစ်ဦးဟာ ထိုင်းမြောက်ပိုင်း နန့်ခရိုင်ဇာတိဖြစ်ပြီး အဆိုပါမူးယစ်ဆေးဝါးတွေကို တဖက်နိုင်ငံ တိုင်းရင်းသားအဖွဲ့တဖွဲ့က အခကြေးငွေပေးပြီး သယ်ဆောင်ခိုင်းတာကြောင့် သယ်လာခဲ့တယ်၊ ထိုင်းမြောက်ပိုင်းကနေ ထိုင်းနိုင်ငံအတွင်းပိုင်းနဲ့ ဘန်ကောက်ကို ပို့ဆောင်ပေးဖို့ သယ်ဆောင်ခ ၂၃၀,၀၀၀ ဘတ်နဲ့ သဘောတူခဲ့တယ်၊ စပေါ်အနေနဲ့ ဘတ် ၃၀,၀၀၀ ရရှိပြီးဖြစ်တယ်လို့ ဝန်ခံသွားပါတယ်။
တာဝန်ရှိသူတွေက သူတို့နှစ်ဦးကို မူးယစ်မှုနဲ့ အရေးယူဖို့ ဘန်ပဟန်ရဲစခန်းကို ပို့ဆောင်ထားပြီး ကွင်းဆက်တွေ ဆက်လက်စုံစမ်း ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။