စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရွာ ရဲစခန်းကနေ ရွာအနောက်ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ မတ်လ ၁ ရက် ဒီနေ့မနက် ၁၀ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ အင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်းစတင်ထွက်လာပြီး အခုလို နှစ်ဖက် တိုက်ပွဲဖြစ်ပွားတာလို့လည်း ဆိုပါတယ်။
ဗိုလ်ကျားကြီးက “ရိက္ခာလုဖို့ ထွက်လာတာဖြစ်မယ်။ ကျနော်တို့ဘက်က အမြဲတမ်း စောင့်ကြည့်နေတာ ဆိုတော့ သူတို့လှုပ်လိုက်တာနဲ့ အသင့်စောင့်ပစ်တာ။ သူတို့ ရှိန်းမကားရွာက အထွက်ပြပြနေတာ။ ကျနော်တို့ ပစ်ပစ်နေလို့ စခန်းထဲ ပြန်ဝင်ဝင်သွားတာ။ ဒီနေ့တော့ သူပစ်ကိုယ်ပစ် ပစ်ကြသေးတယ်။ စ(-)အထိအခိုက်ကတော့ မသိရဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အခုတိုက်ပွဲကို ရွှေဘိုခရိုင်တပ်ရင်း ၁၈၊ ဗိုလ်ကျားကြီးအဖွဲ့နဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။