Home
မြန်မာသတင်း
မိုးညှင်းနှင့် မံစီတွင် တိုက်ပွဲဖြစ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးကို စစ်တပ်က ပစ်သတ်
DVB
·
February 29, 2024
war 2922024

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်တပ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက နန့်ရင်းကျေးရွာအနီးမှာတိုက်ခိုက်ရာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒေသခံအမျိုးသားတဦးက “တိုက်ပွဲက မနက် ၉ နာရီလောက်မှာ စဖြစ်တာ။ စစ်တပ်ရယ် ရှမ်းနီတပ်ရယ် အင်အား ၂၀၀ လောက် စစ်ကြောင်းထိုးလာတာ နန့်ရင်းတံတားနားမှာ တိုက်ပွဲဖြစ်နေကြတာ။ စစ်တပ်က နန့်ရင်းရွာနားကနေ ပစ်တယ်။ KIA နဲ့အဖွဲ့က နန့်ရင်းတံတားနားကနေ ပစ်တယ်။ နန့်ရင်းချောင်း ဟိုဘက် ဒီဘက် ပစ်နေကြတာ” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ် ဟိုပင်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၄၀ ကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံ အရပ်သားပြည်သူတချို့ ဘေးလွတ်ရာ ရှောင်တိမ်းနေကြ ရပါတယ်။

နန့်ရင်းကျေးရွာမှာဖြစ်တဲ့ နှစ်ဖက်တိုက်ပွဲဟာ ညနေပိုင်းအချိန်အထိ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ရှမ်းနီ ပြည်သူ့စစ်တပ်ဟာ ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာလို့မရအောင် နန့်ရင်းချောင်းကူးတံတား သွားလမ်းကို ဘူဒိုဇာ ဘတ်ဟိုးတို့နဲ့ ကော်တူး ဖျက်ဆီးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တဦးကို သေနတ်နဲ့ ပစ်သတ်သွားကြောင်း သိရပါတယ်။

မံစီမြို့နယ်၊ သံတံတားကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တဦးကို ပစ်သတ်သွားပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “တိုက်ပွဲကတော့ သိပ်မကြာဘူး။ ညနေ ၅ နာရီလောက်ကနေ ၆ နာရီလောက်အထိ ဆိုတော့ တနာရီလောက်ပဲ ကြာလိုက်တယ်။ တိုက်ပွဲဖြစ်နေတုန်း အိမ်ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေး လူကြီးကို ပစ်သတ်လိုက်တယ်။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ လှည့်ပတ်ပစ်နေတာ အကြိမ်ရေမနည်းဘူး။ နေအိမ်သုံးလုံးလောက်လည်း မီးလောင် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ် နေအိမ်ကိုပြန်လာတဲ့ သံတံတားကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် အသက် ၅၀ ကျော်အရွယ် ဦးဆန်းထွေးကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဦးခေါင်းမှာ ဒဏ်ရာရပြီး သေဆုံးခဲ့တာပါ။

ဖေဖော်ဝါရီလအတွင်း သံတံတားကျေးရွာအနီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး ဖေဖော်ဝါရီ ၂၆ ရက်က ကျေးရွာအတွင်း ပြန်လည်နေထိုင်လာကြကာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ တိုက်ပွဲ ထပ်ဖြစ်လို့ ကျေးရွာဒေသခံတချို့ ဘေးလွတ်ရာ ပြန်လည်ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024