ဒီမိုကရေစီနဲ့ စပ်လျဥ်းတဲ့ အခြေခံဗဟုသုတတွေကို ကိုယ်တိုင်လေ့လာသင်ယူနိုင်မယ့် မြန်မာလူငယ်ဒီမိုကရေစီအကယ်ဒမီ အခမဲ့အွန်လိုင်းသင်တန်း တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီသင်တန်းကိုတော့ International IDEA အဖွဲ့က စီစဉ်ပြီးတော့ မြန်မာနိုင်ငံက ပြည်သူတွေ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ မိမိတို့နိုင်ငံအတွင်း ဒီမိုကရေစီ ခိုင်မာအားကောင်းစေဖို့ အတွက် ထိရောက်စွာ ပံ့ပိုးကူညီဖို့ ပါဝင်ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ ပြည်သူ့ရေးရာဗဟုသုတနဲ့ ကျွမ်းကျင်မှုတွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
လူငယ်ဒီမိုကရေစီအကယ်ဒမီမှာတော့ ဒီမိုကရေစီစနစ်မိတ်ဆက်၊ ရွေးကောက်ပွဲများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်များ၊ ဒေသန္တရအုပ်ချုပ်မှုမိတ်ဆက် စတဲ့ သင်ရိုး ၅ ခု ပါဝင်ပြီး သင်ရိုးကို မြန်မာနိုင်ငံက အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေနဲ့ လိုက်လျောညီထွေမှု ရှိအောင် ပြင်ဆင်ရေးဆွဲထားကာ ဒီမိုကရေစီရဲ့ အဓိကသဘောတရားတွေ၊ အထူးသဖြင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေနဲ့ အုပ်ချုပ်ရေးအခြေခံမူတွေအကြောင်း အဓိက သင်ကြားထားပါတယ်။
ဒါ့အပြင် သင်ရိုးတွေထဲမှာ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်တွေရဲ့ ရှင်းလင်း တင်ဆက်မှုတွေ၊ နိုင်ငံတကာ အတွေ့အကြုံတွေကို နှိုင်းယှဥ်ပြထားတဲ့ သင်ခန်းစာတွေ၊ စစ်ဆေးမှု မေးခွန်းတွေ၊ မိမိစိတ်ကြိုက် ထပ်မံလေ့လာဖတ်ရှုနိုင်ဖို့အတွက် ဒီမိုကရေစီ ပံ့ပိုးကူညီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အသိအမှတ်ပြု အဖွဲ့အစည်းတွေရဲ့ စာအုပ်စာတမ်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
သင်ရိုးတွေကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ သင်ယူနိုင်သလို အခန်းတခုစီကို ပြီးဆုံးဖို့အတွက် (ဆန္ဒအလျောက် ဖတ်ရှုလေ့လာနိုင်တဲ့ စာအုပ်စာတမ်းဖတ်ရှုချိန် မပါရင်) ခန့်မှန်းကြာချိန် ၂ နာရီကနေ ၆ နာရီလောက် ကြာမြင့်နိုင်ပါတယ်။
အခန်းတခုချင်းစီ လေ့လာမှုပြီးဆုံးပြီး စစ်ဆေးမှုမေးခွန်းတွေ အားလုံးကို ဖြေဆိုအောင်မြင်တဲ့ သင်ယူသူတွေအနေနဲ့ သင်တန်းပြီးဆုံးလက်မှတ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
စိတ်ပါဝင်စားသူတွေအနေနဲ့ မြန်မာဒီမိုကရေစီအကယ်ဒမီကို ဖော်ပြပါလင့်ခ်ကတဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://apmyanmar.lms.idea.int/index