ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ဝက်စာရှာသူ အမျိုးသမီးတယောက် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသခံထံက သိရပါတယ်။
ဝိုင်းမော်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ ၅၈ ခြံဝင်းအတွင်း ဝက်စာ ဝင်ရောက်ရှာဖွေသူ အမျိုးသမီးတယောက်ဟာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက မြေမြှုပ်မိုင်း နင်းမိတဲ့အတွက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသားတဦးက “နေ့လယ် ၁၂ နာရီလောက်မှာ ခလရခြံဝင်းထဲ ဝက်စာရှာမယ် ဆိုပြီး ကျော်ဝင်သွားတာ။ အဲ့ဒီအထဲမှာ ငှက်ပျောပင်တွေ အတော်များများရှိတယ်။ အရင်ကတော့ အဲ့ဒီနေရာမှာ အစောင့်တွေရှိတယ်။ မိုင်းထောင်ထားတယ် ဆိုတာလည်း သူမသိဘူး။ အစောင့်တွေမရှိတုန်း ကျော်ဝင်သွားတဲ့အချိန် မိုင်းပေါက်ကွဲတာ” လို့ ပြောပါတယ်။
မဒိန်ကျေးရွာမှာနေတဲ့ အသက် ၇၀ ကျော်အရွယ် ဒေါ်ကိဝမ်ဟာ အမှတ် ၅၈ ခြေလျင်တပ်ရင်းအတွင်း ဝက်စာရှာဖွေချိန် မိုင်းနင်းမိတဲ့အတွက် လက်၊ ခြေထောက်၊ နောက်ကျောတွေမှာ ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၂၆ ရက်ကလည်း ခလရ ၅၈ အနီး နွားကျောင်းသားတဦး မိုင်းနင်းမိတဲ့အတွက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နွားသုံးကောင် သေဆုံးခဲ့ပါတယ်။