Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် ဆန်စျေးနှုန်း တဟုန်ထိုး မြင့်တက်
DVB
·
February 29, 2024
IndonesiaRice_29022024

အင်ဒိုနီးရှားနိုင်ငံမှာ မနှစ်က ဆိုးဆိုးရွားရွား မိုးခေါင်ရေရှားမှုကြောင့် ဆန်ထုတ်လုပ်မှု ရပ်တန့်သွားပြီးနောက် နိုင်ငံတဝန်းမှာ ဆန်စျေးနှုန်းတွေ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး အစိုးရက သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးနေလို့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ တန်းအရှည်ကြီးစီပြီး စောင့်ဆိုင်းဝယ်ယူကြရပါတယ်။

မြို့တော်ရဲ့အရှေ့ဘက် ၂၅ ကီလိုမီတာ အကွာအဝေးက ဘေကာစီမြို့ရှိ အစိုးရ စားနပ်ရိက္ခာဝယ်ယူရေး အေဂျင်စီ ဘူလော့ဂ်မှ လည်ပတ်နေတဲ့ ဈေးတခုမှာ ဆန်ဝယ်သူတွေ ကြိတ်ကြိတ်တိုး များပြားနေတာပါ။

ဘူလော့ဂ် အေဂျင်စီဟာ သိုလှောင်မှုကို တားဆီးဖို့အတွက် ဝယ်ယူသူတဦးကို ၂ အိတ် ရောင်းချမှု ကန့်သတ်ထားပါတယ်။

ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသူ အိန္ဒိယနိုင်ငံဟာ မနှစ်က ဆန်တင်ပို့မှုကို ကန့်သတ်ခဲ့ပြီးနောက် ကမ္ဘာ့ဆန်ဈေးဟာ ၁၆ နှစ်တာကာလအတွင်း အရောင်းအဝယ် အမြင့်ဆုံး ဖြစ်လာပါတယ်။

ဆန်ဟာ အင်ဒိုနီးရှားနိုင်ငံရှိ လူဦးရေ သန်း ၂၇၀ ရဲ့ အဓိက စားနပ်ရိက္ခာဖြစ်ပြီး မနှစ်ကထက် ၁၆ ရာခိုင်နှုန်းကျော် ဈေးတက်ခဲ့တာပါ။

၂၀၂၃ ခုနှစ်မှာ အယ်လ်နီညို ရာသီဥတုကြောင့် အာရှတိုက်ရဲ့ နေရာအနှံ့အပြားမှာ မိုးရွာသွန်းမှု လျော့နည်းသွားပြီး သီးနှံအထွက်နှုန်း ထိခိုက်လာကာ ကမ္ဘာ့စျေးနှုန်း အထိခိုက်မခံတဲ့ စားသုံးသူတချို့အတွက် အစားအသောက်ဖောင်းပွမှု ဖိအားတွေ ဖြစ်ပေါ်လာပါတယ်။

အစားအသောက်တွေ ဈေးတက်ပြီး စားသုံးသူတွေကို သက်ရောက်လာတဲ့အခါမှာ အင်ဒိုနီးရှားအစိုးရဟာ ပုံမှန်အားဖြင့် ထောက်ပံ့တဲ့စျေးနှုန်းနဲ့ စတင်ရောင်းချပေးခဲ့တာပါ။

ခေတ်မီ လက်လီအရောင်းဆိုင်တွေမှာ ရှားပါးလာမှု သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဇန်နဝါရီလကစပြီး အစိုးရ အရန်ဆန် တန်ချိန် ၃ သိန်းကျော်ကို နိုင်ငံတဝန်းရှိ ရာနဲ့ချီတဲ့ ဈေးကွက်တွေကတဆင့် ဖြန့်ဖြူးပေးခဲ့ပါတယ်။

ဇန်နဝါရီလမှာ ဘူလော့ဂ်အေဂျင်စီက အစိုးရဈေးပေါင်း ၄၃၀ နီးပါးကို တည်ထောင်ခဲ့ပြီး ဖေဖော်ဝါရီလကုန်မှာ နောက်ထပ် ဈေးပေါင်း ၃၁၅ ခု ဖွင့်ပေးဖို့ စီစဉ်ထားပါတယ်။

ဒီဆန်အကူအညီ အစီအစဉ်ကို မတ်လအထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမျိုးသားအေဂျင်စီက ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ စံချိန်တင် ဆန်တင်သွင်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွက် အရင်ခွင့်ပြုထားပြီးသား တန်ချိန် ၂ သန်းကျော်အပြင် နောက်ထပ် ဆန်ခွဲတမ်း  မက်ထရစ်တန်ပေါင်း ၁ ဒသမ ၆ သန်းကို ခွဲဝေပေးခဲ့ပြီးတော့ ကမ္ဘာ့စျေးနှုန်းတွေ ပိုပြီးမြင့်တက်လာနိုင်ဖွယ် ရှိနေပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024