မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိ မိုင်းဖောက်ခွဲခံရပြီး ပျက်စီးခဲ့တဲ့ မိုးကောင်းတံတားကို မြေဖို့ပြီးနောက် ကားတွေ ပြန်လည်ဖြတ်သန်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-မော်လမြိုင်လမ်းမပေါ်ရှိ မိုးကောင်းတံတား ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁ နာရီက မိုင်းဖောက်ခွဲ ခံခဲ့ရပြီးနောက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက် ကားတွေ ထောင် ချီပိတ်မိခဲ့ပြီး ကုန်စည်စီးဆင်းမှုတွေ ယာယီ ရပ်သွားခဲ့တာပါ။
ကျိုးကျသွားတဲ့တံတားနေရာကို ရွှေသံလွင်ကုမ္ပဏီ ဝန်ထမ်းတွေက ဘတ်ဟိုးကားတွေနဲ့ မြေဖို့ပြီး ည ၆ နာရီခွဲလောက်ကစလို့ ကားသေး၊ ကားကြီးတွေ ပြန်ဖြတ်သန်းခွင့်ပေးနေပြီ လို့ ဒေသခံတဦးက ပြောပါတယ်။
"မြေဖို့ပြီး ကားတွေစဖြတ်နေပါပြီ။ တဖြည်းဖြည်းနဲ့တော့ လမ်းကြောင်းရှင်းသွားမှာပါ။ ဒီလမ်းသာ ပြတ်သွားမယ်ဆိုရင် ကုန်စီးဆင်းမှုလည်း ပြတ်တောက်သွားမှာပါ။ ခုလို ပြန်ကောင်းသွားတဲ့အတွက် ဝမ်းသာပါတယ်။”
ကားသမားတဦးကလည်း “တနေကုန် ထိုင်စောင့်လို့အပြီးမှာ ကျနော်တို့ စဖြတ်ပြီးလို့ သထုံတောင် ရောက်နေပါပြီ။ ကားထောင်ချီ ပိတ်မိနေတော့ တဖြည်းဖြည်းနဲ့ တော်တော် သွားလိုက်ရတယ်။ လမ်းကတော့ မြေဖို့လိုက်တာပါ။ ကူညီပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။
ကျိုက္ကော်မြို့ မိုးကောင်းတံတားကို ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁ နာရီကျော်က မိုင်းဖောက်ခွဲခံရတဲ့အတွက် တံတားတစစီ ပျက်စီးခဲ့တဲ့အပြင် ပြည်သူတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ပါတယ်။
မိုးကောင်းတံတားပျက်စီးပြီးနောက် ကားထောင်ချီပိတ်မိသွားပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်သွားတဲ့အတွက် သထုံမြို့၊ ပေါင်မြို့နဲ့ မော်လမြိုင်မြို့ရှိ ပြည်သူတွေက ဆီပြတ်မှာကို စိုးရိမ်ပြီး စက်သုံးဆီတွေ အလုအယက် ဝယ်ယူခဲ့ပါတယ်။
အဆိုပါ ကားလမ်းတံတားကို မိုင်းခွဲဖျက်ဆီးတာနဲ့ပတ်သက်ပြီး ဘယ်သူ၊ ဘယ်အဖွဲ့က ဘာကြောင့် လုပ်ဆောင်ခဲ့သလဲဆိုတာ အတိကျမသိရသေးသလို ဘယ်အဖွဲ့စည်းကမှလည်း သတင်းမထုတ်ပြန်ထားပါဘူး။
Photo-မိုးကောင်းကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်း