ရန်ကုန်-မော်လမြိုင်လမ်းမပေါ်က မိုးကောင်းတံတား ဖေဖော်ဝါရီ ၂၈ ရက် မနက်အစောပိုင်းက ဖောက်ခွဲခံရပြီးတဲ့နောက် မော်လမြိုင်မှာ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ပြီး ပြည်သူတွေ အလုအယက် ဝယ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကောင်းတံတား ဖောက်ခွဲခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားတဲ့အတွက် ဆီကားတွေ မရောက်လာနိုင်တော့ဘဲ ဆီပြတ်လပ်မှာကို စိုးရိမ်ပြီး ဝယ်ယူနေတာဖြစ်တယ်လို့ မော်လမြိုင်ဒေသခံတဦးက ပြောပါတယ်။
“တံတာကျိုးတဲ့အသံကြားလို့ အရင်လို တန်းစီရမှာဆိုးလို့ ဆီးကြိုဝယ်ဖို့သွားတာ ဆီဆိုင်မှာက လူအပြည့်ပဲ။ ဆိုင်တော်တော်များများမှာလည်း အလုအယက် ဝယ်နေကြတာပဲ။ ဆီးကားတွေ မဝင်လာဘူးဆိုရင် အနည်းနဲ့အများတော့ ထိခိုက်မှာပဲ။ မြဝတီဘက်လမ်းကြောင်းလည်း ထိခိုက်ထားတော့ ဆီသိပ်မဝင်ဘူးလေ။”
မော်လမြိုင်မြို့မှာ လက်ရှိ ဆီပြတ်လပ်မှု မရှိသေးပေမဲ့ ဆီပြတ်လပ်မှာကို စိုးရိမ်ပြီး ဆီဆိုင်တွေမှာ တန်းစီ ဝယ်ယူနေပါတယ်။
စက်သုံးဆီပြတ်လပ်မှာစိုးရိမ်ပြီး အလုပ်အယက် ဝယ်နေကြတဲ့အတွက် ဆိုင်တချို့ရဲ့ စက်သုံးဆီဈေးနှုန်းလည်း ဖေဖော်ဝါရီ ၂၇ ရက်က 92 တလီတာကို ကျပ် ၂,၉၀၀ သာရှိပေမဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျပ် ၄,၀၀၀ ကျော်အထိ မြင့်တက်လာတယ်လို့ အိုးဝေမောင်းနှင်သူတဦးက ပြောပါတယ်။
“ပုံမှန်ပဲ ဆီ တသောင်းဖိုးထည့်တာ ၂ လီတာကျော်ပဲရလို့ ဈေးမေးကြည့်တော့မှ တလီတာ ၄,၃၀၀ တောင် ဖြစ်သွားတာ။ ဆိုင်အကုန်လုံးတော့ ဈေးတက်တာမဟုတ်ဘူး၊ မြို့အပြင်ဘက်ကဆိုင်တွေနဲ့ ဆိုင်တော်တော်များ ဈေးတက်တာပါ။ ပုံမှန်ဆို ရှင်းနေကျဆိုင်တွေတောင် ခုပြည့်နေတာပဲ။ လူတွေက လောဘမသတ်နိုင်တော့ တခုခုဆိုတာနဲ့ ဈေးတင်တာပဲ။”
ကျိုက္ကော်မြို့ မိုးကောင်းတံတားကို ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁ နာရီကျော်က မိုင်းဖောက်ခွဲခံရတဲ့အတွက် တံတား တစစီ ပျက်စီးခဲ့တဲ့အပြင် ပြည်သူတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မော်လမြိုင်မှာ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်က ကားလမ်းပိတ်ပြီး စက်သုံးဆီ အချိန်မီ မရောက်လာတဲ့ မတ်လ၊ ကျုံအိတ်တံတား မိုင်းခွဲပျက်စီးခံရတဲ့ ဇူလိုင်လနဲ့ စက်သုံးဆီကားတွေ မဝင်တဲ့ နိုဝင်ဘာလတို့မှာလည်း ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။