Home
မြန်မာသတင်း
တန့်ဆည် ကျေးရွာများကို စစ်တပ်က မီးရှို့၊ စစ်ရှောင် ၃၀,၀၀၀ ကျော် အကူအညီလိုအပ်
DVB
·
February 28, 2024
Tant 2822024

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး စစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်လည်း အကူအညီ လိုအပ်နေပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်းနဲ့ ကန့်ဘလူနယ်က ဝါသဝ ပျူစောထီးစစ်ကြောင်းက သပြေယင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးအခြေစိုက် People’s defense comrade မှ ကိုထူးခန့်ဇော်(အမေ့သား) က “မီးရှို့ခံရွာက ၄ ရွာရှိပြီဗျ။ ၂၇ ရက်နေ့မှာ ကော်တတ်ကျေးရွာကို မီးရှို့တယ်၊ ဒီနေ့ ၂၈ ရက် မနက်အစောပိုင်း ၄ နာရီလောက်မှာ သပြေယင်းရွာကို ဒုတိယအကြိမ် ပြန်ဝင်ပြီးမီးရှို့တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၁ ရက်ကစတင်ပြီး ၂၈ ရက်နေ့အထိ တန့်ဆည်မြို့နယ်က ကံထူးမစံပြရွာ၊ သပြေယင်းရွာ၊ ဖိုနှုတ်ကျေးရွာ၊ ကော်တတ်ကျေးရွာ၊ ခနောရွာသစ် စတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး ဆုံးရှုံးမှုအသေးစိတ်ကိုတော့ စစ်ကြောင်းရှိနေတဲ့အတွက် စာရင်းကောက်ယူလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်တဝိုက်ကို စစ်ကောင်စီတပ်က ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပြီး ပြည်သူတွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်က စတင်ပြီး စစ်ကောင်စီစစ်ကြောင်းကြောင့် တန့်ဆည်အနောက်ခြမ်းက ကျေးရွာပေါင်း ၃၀ ကျော်က ပြည်သူ ၃၀၀၀၀ ကျော် စစ်ရှောင်နေရပြီး အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

“ပြည်သူတွေကတော့ ကံထူးမ စခန်းသိမ်းတဲ့ ၂၇ ရက်နေ့ကစပြီး ဒီနေ့အထိပေါ့နော်၊ ကျေးရွာပေါင်း ၃၀ ကျော် ၄၀ နီးပါး တိမ်းရှောင်နေရတယ်။ ရက်ရှည်လာပြီဆိုတော့ စစ်ရှောင်ပြည်သူတွေလည်း ဆေးဝါးတွေရော၊ စားနပ်ရိက္ခာတွေပါ အရေးပေါ် အကူအညီ လိုအပ်နေတယ်။”

ဖေဖော်ဝါရီ ၂၆ ရက်ကလည်း တံတားဦးလေဆိပ်မှ Y12 ထောက်ပို့လေယာဉ်နဲ့ တန်ဆည်မြို့နယ်ထဲက စစ်ကောင်စီတပ်သားတွေကို စစ်အင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၄ ရက်အထိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024