ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ မိုင်းပွန်မြို့နယ်အကြားမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အတွက် မိုင်းပွန်-လွိုင်လင်-နမ့်စန် တကြော စက်သုံးဆီ ပြတ်လပ်နေပြီး ဆီပန့်ဆိုင်တချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်နဲ့ PNLA တပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဟိုပုံး-မိုင်းပွန် ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားရလို့ ဖေဖော်ဝါရီ ၂၅ ရက်ကစပြီး ဆီဈေးနှုန်းတွေ မြင့်တက်လာကာ ဆီပြတ်လပ်လာတာ ဖြစ်ပါတယ်။
လွိုင်လင်ဒေသခံ အမျိုးသားတဦးက “၁ လီတာကို ၅ ထောင် ပေးဝယ်ရတယ်။ ဈေးတက်တာတော့ ၃ ရက်ကျော်ပြီ၊ ဆီဘောက်စာကားတွေ မဝင်နိုင်လို့လေ။ လမ်းမကြီးကို ပိတ်ထားတာ ကြာတော့ ကားတွေခံနေတာ။ တိုက်ပွဲမငြိမ်မချင်းတော့ ဆီဈေးတက်မယ် ထင်ရတာပဲ၊ ဆိုင်ကြီးတွေတောင် ပိတ်ကုန်ပြီ” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဟာ ဟိုပုံးကနေ မိုင်းပွန်မြို့အနီးအထိ ကျယ်ပြန့်လာပြီးနောက် တောင်ကြီး-လွိုင်လင် ကားလမ်းမ ပိတ်ထားရာ ကားမျိုးစုံ ရာနဲ့ချီ ပိတ်မိနေဆဲ ဖြစ်ပါတယ်။
နမ့်စန်မြို့ခံတဦးက “လေယာဉ်တွေတောင် အတက်အဆင်း နည်းသွားတယ်။ လေယာဉ်ဆီလာပို့လို့ ရတာလား မသိဘူး။ လမ်းတွေပိတ်ကတည်းက နမ့်စန်မှာ လေတပ်ကနေ လေယာဉ်တွေ သိပ်မထွက်တော့ဘူး။ နမ့်စန်မြို့မှာဆို ဆီဝယ်လို့မရဘူး၊ ဆိုင်ကြီးတွေကအစ ပိတ်ကုန်ပြီ” လို့ ပြောပါတယ်။
မိုင်းပွန်မြို့နယ်ထဲမှာလည်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး လျှပ်စစ်မီးတွေကိုပါ စစ်ကောင်စီက ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။
ဟိုပုံးမြို့နယ်နဲ့ မိုင်းပွန်မြို့နယ်ကြားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး စစ်ကောင်စီက လေကြောင်းနဲ့ စတင်တိုက်ခိုက်ရာကနေ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ စစ်ကောင်စီ၊ PNA ပအိုဝ်းပြည်သူ့စစ်တွေကြား ဒီနေ့အထိ တပတ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။