မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စစ်ရှောင်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၁ နာရီမှာ စစ်ကြောင်းထိုးလာပြီး မတ္တရာမြို့နယ် မြို့ဒင်ဆင်ရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ အသက် ၅၈ နှစ်အရွယ် မြို့ဒင်ရွာသား ဦးလှထွန်းနဲ့ အသက် ၃၈ နှစ်အရွယ် သဲဖြူချောင်းရွာသား ကိုဝင်းမင်းထွန်းတို့ဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် မနက်အစောပိုင်းကတည်းက မတ္တရာမြို့နယ် ရေနံသာကျေးရွာက အင်အား ၅၀ ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်းက မြစ်ကမ်းကျေးရွာ၊ ဆင်ရွာသစ်က နေအိမ်တွေကို မီးရှို့ ဖျက်ဆီးပြီးတဲ့နောက်မှာ စစ်ဘေးရှောင်တွေကို ဖမ်းဆီးသတ်ဖြတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကြောင်းလာတော့ သူတို့က ရွာထဲပိတ်မိသွားတာ၊ မြို့ဒင်ဆင်ရွာ ဘုန်းကြီးကျောင်းအနောက်မှာပဲ ပစ်သတ်သွားတာ။ ဘုန်းကြီးကျောင်းထဲ ဝင်ရှောင်နေတာကို ဖမ်းပြီးတော့ ပစ်သွားတာ။ အလောင်းတွေကတော့ ခေါင်းတွေချည်းပွင့်နေတယ်ဗျ၊ သဲဖြူချောင်းရွာသားကတော့ ရှောင်လာရင်း နဲ့ ဆင်ရွာမှာပဲ လာသေတာ။ ရှောင်လာရင်းနဲ့” လို့ မတ္တရာဒေသခံအမျိုးသား တဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၁ နာရီမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာတဲ့အတွက် စစ်ရှောင်တွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။