အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ယူဖို့ လတ်တလော အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီဘက်က ပြောထားပေမဲ့ အမျိုးသမီးတွေကြားမှာတော့ စစ်မှုထမ်းရမှာကို စိုးရိမ်ပူပန်မှုတွေ လျော့မသွားဘူးလို့ ပြောပါတယ်။
စစ်မှုထမ်းဖို့ အကျုံးဝင်နိုင်တဲ့ အမျိုးသားဦးရေ ၆ သန်းကျော်ထဲက တစ်ရာခိုင်နှုန်းဖြစ်တဲ့ ၆ သောင်းလောက်ပဲ စစ်မှုထမ်းဖို့ခေါ်ယူနိုင်မှာဖြစ်ပြီး အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ယူဖို့ လတ်တလော အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၂ဝ ရက်မှာ ပြောဆိုခဲ့တာပါ။
၂ဝ၁ဝ ပြည့်နှစ် စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်း အမျိုးသားရော၊ အမျိုးသမီးပါ ပါဝင်စစ်မှုထမ်းရမှာဖြစ်ပေမဲ့ စစ်ကောင်စီဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ အရေးပေါ် စစ်အင်အားဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် လတ်တလော အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ယူနိုင်မယ့် အခြေအနေမရှိဘဲ အခုလို ပြောဆိုလာတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
စစ်တပ်မှာ အမျိုးသား၊ အမျိုးသမီး စစ်မှုထမ်းတာဝန်ကွဲပြားမှုရှိပြီး အမျိုးသမီးတပ်ဖွဲ့ဝင်တွေဟာ အများအားဖြင့် နောက်တန်းစခန်းတွေမှာသာ ရုံးထိုင်ရတာလို့ CDM စစ်တပ်အရာရှိတဦးက ပြောပါတယ်။
ဒါကြောင့် အရေးပေါ် စစ်အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ စစ်ကောင်စီက အမျိုးသမီးတွေအစား လူငယ်လူရွယ်အမျိုးသားတွေကို ကနဦးစစ်မှုထမ်းခိုင်းဖို့ အတင်းအကျပ်စီစဉ်နေတာလို့ CDM စစ်တပ်အရာရှိက သုံးသပ်ပါတယ်။
စစ်ကောင်စီက အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီး ၁ဝ ရက်အကြာမှာ အမျိုးသမီးတွေကို လတ်တလောစစ်မှုထမ်းခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း အခုလို ကြေညာလာပေမယ့် ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုနဲ့ စစ်ကောင်စီအပေါ် အယုံအကြည်ကင်းမဲ့မှုက မပြောင်းလဲဘူးလို့ လူငယ်အမျိုးသမီးတွေက ပြောပါတယ်။
စစ်ကောင်စီက ဗဟို၊ တိုင်းနဲ့ ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကိုလည်း အဆင့်ဆင့်ဖွဲ့စည်းတာ၊ လူဦးရေစာရင်းကောက်ခံမှုလုပ်နေတာ အစရှိတဲ့ အခြေအနေတွေကြောင့် ပြည်သူလူထုအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းတွေကို ၂၀၂၄ ခုနှစ် ဧပြီလကုန်ပိုင်းမှာ စတင်မယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြောဆိုထားပါတယ်။
ဧရာဝတီတိုင်းမှာတော့ ပုသိမ်တက္ကသိုလ်၊ ကောလိပ်နဲ့ နည်းပညာတက္ကသိုလ်ဆရာ ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေအနေနဲ့ လိုအပ်ပါက စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီရဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောထားပါတယ်။
ကရင်ပြည်နယ်မှာလည်း ကော့ကရိတ်မြို့တွင်းကို စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းရာမှာ အမျိုးသမီးစစ်သည်တွေလည်း ပါဝင်လာတယ်လို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူက ပြောပါတယ်။
ဖူးအိအိနွယ်