ယူကရိန်း စားနပ်ရိက္ခာတင်သွင်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ဖို့ လယ်သမားတွေ ဆန္ဒပြနေကြတာကြောင့် ဥရောပသမဂ္ဂက အစုအဖွဲ့ရဲ့ စျေးကွက်တွေကို ကာကွယ်ဖို့ မလုပ်ဆောင်ပေးရင် ယူကရိန်းရဲ့ ကောက်ပဲသီးနှံတင်ပို့မှုတွေအပေါ် အမျိုးသားရေး တားမြစ်ချက် ကျယ်ပြန့်လာတာကိုလည်း တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ် တပ်စ်ခ်က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြောကြားပါတယ်။
ထောင်ပေါင်းများစွာသော ပိုလန်လယ်သမားတွေဟာ ဝန်ကြီးချုပ်ရုံးဆီကို မရောက်ခင် ဝါဆောမြို့တော်ရဲ့ လမ်းတွေပေါ်မှာ နိုင်ငံတော်အလံကို ကိုင်ဆောင်ပြီး လက်ကိုင်ဟွန်းတွေကို မှုတ်ရင်း ယူကရိန်းမှ အစားအစာ တင်ပို့မှုတွေနဲ့ အီးယူရဲ့ အစိမ်းရောင်စည်းမျည်းတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို အရှိန်မြှင့် လုပ်ဆောင်နေကြတာကြောင့် ဝန်ကြီးချုပ် တပ်စ်ခ်က ပရာ့ဂ်မြို့ ခရီးစဉ်အတွင်းမှာ မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။
ဥရောပတဝန်းရှိ လယ်သမားတွေဟာ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ထားတဲ့ အီးယူရဲ့ ‘အစိမ်းရောင်သဘောတူညီချက်’ စည်းမျဉ်းတွေအရ သူတို့အပေါ် ကန့်သတ်ချက်တွေကိုအပြင် စရိတ်စကတွေ မြင့်တက်လာတာနဲ့ အီးယူပြင်ပမှ အထူးသဖြင့် ယူကရိန်းမှ တရားမျှတမှုမရှိတဲ့ ပြိုင်ဆိုင်မှုလို့ ဆိုကြတဲ့အပေါ် သီတင်းပတ်ပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ပိုလန်လယ်သမားတွေဟာ အခုလအစောပိုင်းမှာ ယူကရိန်းနယ်စပ်ဂိတ် အားလုံးကို ပိတ်ဆို့တားဆီးမှုတွေအပြင် ဆိပ်ကမ်းတွေနဲ့ နိုင်ငံတဝန်းရှိ လမ်းတွေပေါ်မှာ အနှောင့်အယှက် ပြုတာတွေ အပါအဝင် ဆန္ဒပြပွဲတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။
ဒီသီတင်းပတ်ကုန်ကပဲ ယူကရိန်း စပါးတန်ချိန် ၁၆၀ လောက် ပိုလန်မီးရထားဘူတာရုံမှာ ဖျက်ဆီးခံခဲ့ရလို့ ယူကရိန်းက ဒေါသထွက်ခဲ့ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ ကိယက်ဗ်က ပိုလန်ကို တိုက်တွန်းခဲ့ပါတယ်။
အရင်တုန်းကလည်း ယူကရိန်းနယ်စပ်မှာ ရထားတွေကနေ စပါးတွေကို ဖောက်ချခံခဲ့ရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးပါတယ်။
ပိုလန်ဟာ မနှစ်တုန်းက ယူကရိန်း ဆန်တင်သွင်းမှု တားမြစ်ချက်ကို သက်တမ်းတိုးခဲ့ပါတယ်။
Source/Photo-Reuters