Home
နိုင်ငံတကာ
ဓားစာခံများ ပြန်လွှတ်ရေး ဟားမတ်စ်ကို မေးခွန်းထုတ်စရာဖြစ်နေဟု အစ္စရေးပြော
DVB
·
February 28, 2024
Israel_28022024

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ ဓားစာခံ စေ့စပ်ညှိနှိုင်းမှုတွေမှာ နောက်ထပ်လုပ်ငန်းအဆင့်တွေနဲ့ ပတ်သက်ပြီး စစ်ပွဲဆိုင်ရာ ကက်ဘိနက်အဖွဲ့မှာ နောက်ဆုံးရ အချက်အလက်တွေ ထည့်သွင်းကာ မွမ်းမံပြင်ဆင်ထားတယ်လို့ အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ တာလ်ဟိုင်းန်ရစ်ချ်က ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

၅ လကြာ စစ်ပွဲရဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေးဖြစ်တဲ့ ရက်ပေါင်း ၄၀ ကြာ တိုက်ပွဲတွေ ရပ်ဆိုင်းထားမယ့် အပစ်အခတ်ရပ်စဲရေးအတွက် ပြီးခဲ့တဲ့သီတင်းပတ်က ပါရီမှာ ဖျန်ဖြေသူတွေနဲ့ ဆွေးနွေးပွဲတွေမှာ အစ္စရေးဘက်က သဘောတူညီခဲ့တဲ့ အဆိုပြုချက်ကို ဟားမတ်စ်က ချိန်ဆနေချိန်မှာ အခုလိုမှတ်ချက်တွေ ထွက်ပေါ်လာတာပါ။ အဲဒီနောက်ပိုင်း ဒိုဟာကိုလည်း စေလွှတ်ခဲ့ပါတယ်။

“အစ္စရေးရဲ့ ရှုထောင့်ကနေကြည့်ရင် ဓားစာခံတွေ ပြန်လွတ်လာအောင် ညှိနှိုင်းဖို့ ဆန္ဒရှိပေမဲ့ ဟားမတ်စ်ဘက်ကတော့ လိုလားသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ တာလ်ဟိုင်းန်ရစ်ချ်က ပြောပါတယ်။

ခိုင်မာတဲ့ စစ်ရေးအားထုတ်မှုနဲ့အတူ အစ္စရေးဟာ သူတို့ပြန်လွတ်လာအောင် မူဘောင်တခု ဖန်တီးပေးဖို့ ဖျန်ဖြေပေးတဲ့ နိုင်ငံတွေနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်နေတယ်လို့လည်း ဆိုပါတယ်။

ဆွေးနွေးပွဲနဲ့ နီးစပ်သူတဦးရဲ့ ပြောကြားချက်အရ အဲဒီအဆိုပြုချက်ထဲမှာ စစ်သွေးကြွတွေဟာ သူတို့ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံးကို လွှတ်ပေးမှာမဟုတ်ဘဲ တချို့ကိုပဲ လွှတ်ပေးမှာဖြစ်ပြီး အဲဒီအတွက် အပြန်အလှန်အနေနဲ့ ရာနဲ့ချီတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးရေး၊ ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးရေးနဲ့ အစ္စရေးတပ်တွေကို လူနေထူထပ်တဲ့ ဧရိယာတွေကနေ ဆုတ်ခွာစေရေးတို့ ပါဝင်ကြောင်း ဆိုပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရမ်ဇာန်လအတွက် စစ်ပွဲကို ရပ်တန့်စေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တပတ်အတွင်း ရရှိနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီးနောက်မှာ အစ္စရေး၊ ဟားမတ်စ်နဲ့ ကာတာ ကြားဝင်ဖျန်ဖြေသူ အားလုံးဟာ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တိုးတက်မှုနဲ့ ပတ်သက်လို့ သတိထား ဂရုပြုကြဖို့ အင်္ဂါနေ့မှာ ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

Source/Photo-Menahem Kahanna | Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024