မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က နှစ်ပေါင်း ၇၀ ကျော်အတွင်း အမြင့်ဆုံး အပူစံချိန်သစ်တင်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
မော်လမြိုင်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်က အပူချိန် ၃၉ ဒသမ ၁ ဒီဂရီ စင်တီဂရိတ် ရှိခဲ့တာကြောင့် အပူချိန်အမြင့်ဆုံးကို ရောက်ရှိခဲ့ကာ အဲဒီမတိုင်ခင် ၂၀၁၂ ခုနှစ်တုန်းက အပူချိန် ၃၈ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်က အမြင့်ဆုံး အပူချိန်အနေနဲ့ရှိခဲ့ပြီး အခု အပူချိန်ကတော့ စံချိန်သစ် တင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိလည်း ရာသီဥတုပူပြင်းမှုကို ဒေသခံတွေ ခံစားနေရပြီး နေ့ဘက် အပြင်သွားရင် အပူချိန်က မြင့်တက်နေတဲ့အတွက် အကာကွယ်ယူပြီး သွားလာနေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အခုလို အပူစံချိန်သစ်တင်နေတဲ့အတွက် နွေရာသီ အပူချိန်များမယ့် ကာလတွေမှာ ပြင်ပမှာ အလုပ်လုပ်နေရသူတွေအနေနဲ့ အပူဒဏ်အကာကွယ်တဲ့ အသုံးဆောင်တွေ ဝတ်ဆင်အသုံးပြုပြီး ကျန်းမာရေး အသိပညာပေးတွေကို သတိပြုကြဖို့လည်း ကျန်းမာရေး ပညာရှင်တွေက အကြံပြုထားပါတယ်။