မြိတ်မြို့ကနေ ခြေလျင် စစ်ကြောင်းထိုးချီတက်လာတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၆ ရက် မနက် ၉ နာရီလောက်က တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာမှာ မိုင်ဆွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီလွတ်မြောက်ရေးအင်အားစုတပ်ဖွဲ့ (TLF)တာဝန်ရှိသူက ပြောပါတယ်။
ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုရွာအနောက်ဘက် ကဆီအုန်းကုန်းမှာ အင်အား ၅၀ လောက်နဲ့ ခြေလျင် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြောက်ကျားပုံစံနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ထိတွေ့ ပစ်ခတ်တာမရှိခဲ့ဘူးလို့ TLF တပ်ဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ကိုခေတ္တ(လူ့ပြည်)က ပြောပါတယ်။
“မိုင်းဆွဲတာတော့ တကြိမ်ပဲ။ ကျနော်တို့က လက်နက်အားနည်းချက်ရှိတော့ရင်ဆိုင် ပြန်လည် ပစ်ခတ်တာမျိုးတော့ မရှိဘူ။ပြောက်ကျားမိုင်းဆွဲတာလောက်ပဲ။”
မိုင်းဆွဲခံရပြီး မိနစ် ၂၀ လောက်အကြာမှာ စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။
မိုင်းဆွဲဖြစ်စဥ်ပြီးတဲ့နောက် မြေပြင်အခြေအနေကို သွားရောက်ကြည့်တဲ့အခါမှာ မိုင်းထိပြီး ဒဏ်ရာရထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့သွေးကွက်တွေကို တွေ့ရှိရပြီး အရေးပေါ်ကုသဖို့ ဆေးဝါးတချို့ကိုလည်း အခင်းဖြစ်နေရာမှာ တွေ့ရှိရတယ်လို့သိရကာ ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ ဆိုပါတယ်။
ကိုခေတ္တ(လူ့ပြည်)က "ထိခိုက်ကျဆုံးတာတော့ ရှိတယ်။ဒါပေမဲ့ အတည်ပြုလို့ မရသေးဘူး။ လူနာယာဥ်ကားတွေနဲ့ ပဲ သူတို့ ဒဏ်ရာရသူတွေကို မြိတ်က စစ်ဆေးရုံကိုပို့မယ်လို့ ထင်မြင်တယ်။ စစ်ကြောင်းက ပြန်ဆုတ်သွားတော့မဟုတ်ဘဲ ဒီဝန်းကျင်မှာပဲ ဆက်လက်လှုပ်ရှားနေတုန်းပါ”လို့ ဆက်ပြောပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ တနင်္သာရီလွတ်မြောက်ရေးအင်အားစု (TLF) တပ်ဖွဲ့တွေအကြား အရင်ကလည်း ထိတွေ့တိုက်ပွဲဖြစ်စဥ်တွေရှိခဲ့ဖူးပါတယ်။
တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ ပစ်ခတ်မှုဖြစ်ပွားလေ့ရှိတဲ့ ကြားနယ်မြေတခုလို ဖြစ်နေပြီး စစ်ကောင်စီတပ်တွေ မကြာခဏ စစ်ကြောင်းတက်ဆင်းလုပ်ကာ ကျေးရွာတချို့မှာ လုံခြုံရေးယူလေ့ ရှိပါတယ်။