စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်တန်းရွာအနီးမှာ ဖေဖော်ဝါရီ ၂၃ ရက်ကနေ ဖေဖော်ဝါရီ ၂၇ ရက်အထိ ပြည်သူ့ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ၅ ရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး အနီးနားရှိ ကျေးရွာ ၈ ရွာက ပြည်သူထောင်နဲ့ချီ စစ်ဘေးရှောင် နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျောက်တန်းကျေးရွာအနီး သစ်ဖုလှဘုရားကုန်းမှာ ၂ နှစ်ကြာ တပ်စွဲထားတဲ့ တပ်စခန်းကို ပြည်သူကာကွယ်ရေးတပ်က ဖေဖော်ဝါရီ ၂၃ ရက် မနက် ၅ နာရီကစပြီး တိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီ ၂၄ ရက်မှာ သစ်ဖုလှ ဘုရားကုန်းကို ကာကွယ်ရေးတပ်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ကောလင်း ဒေသခံတဦးက “သူတို့ဘက်က စခန်းမကျရေးအတွက် ဖေဖော်ဝါရီ ၂၃ ရက်နေ့က စပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့ အထိ လေကြာင်းကနေ လေယာဉ်နဲ့ စုစုပေါင်း ၇ ကြိမ်ထက်မနည်း ပစ်ခတ်ပြီး ဝန်းသိုမြို့ ခမရ ၁၂၀၊ ၁၁၁ ကနေ ဟောင်ဝစ်ဇာနဲ့ ၁၀ ကြိမ် ပစ်ကူတာတွေရှိခဲ့တယ်။ အရပ်သားသေဆုံးမှုကတော့ လောလောဆယ် မကြားရသေးဘူး”လို့ ပြောပါတယ်။
အခုတိုက်ပွဲကို ကောလင်းခရိုင်တပ်ရင်း ၁ ၊ ကောလင်းမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့အတူ မဟာမိတ်တပ်တွေက ပူးပေါင်းပြီး တိုက်ခိုက်တာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “လေယာဉ်နဲ့ပစ်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ကတော့နေတိုင်းလိုလိုပဲလို့ ပြောရမယ်။ ဟိုအရင်နေ့ကဆိုရင် ဝန်းသိုမြို့ကနေ တိုက်ပွဲဖြစ်တဲ့ ကျောက်တန်းရွာစီ စစ်ကူလာရင်း ဝန်းသိုအရှေ့ဘက် ကျောက်တိုင်ရွာကနေရှော့တိုက်ဒုံး နဲ့ပစ်ခတ်တာတွေလုပ်တယ်။ အဲဒီလို ပစ်ခတ်လို့ ကျောက်တန်းရွာက နေအိမ်လေးလုံး ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့တယ်။ တော်လှန်ရေးအဖွဲ့ကိုတော့ ထိခိုက်တာ မရှိခဲ့ပါဘူး။ ဒီနေ့လည်း တိုက်ပွဲက ထပ်ပြီးဖြစ် နေသေးတယ်”လို့ ပြောပါတယ်။
စစ်တပ်က စခန်းမကျဆုံးဖို့ ဝန်းသိုမြို့က စစ်ကူ တကြောင်း၊ ဖေဖော်ဝါရီ ၂၇ ရက်မှာတော့ ကောလင်းတောင်ဘက် ကိုးတောင်ဘို့က စစ်ကြောင်း တကြောင်းထွက်လာပြီး သစ်ဖုလှကို စစ်ကူ လာနေတာကြောင့် စစ်ကြောင်း ဦးတည်ရာက ကျေးရွာက ဒေသခံတွေလည်း အရေးပေါ် စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။