အစ္စရေးဟာ နိုင်ငံရဲ့စီးပွားရေးကို ဂရုမစိုက်ဘဲ ဟားမတ်စ်တွေကို နှိမ်နင်းပြီး ဂါဇာစစ်ပွဲကို အနိုင်တိုက်ဖို့ သန္နိဋ္ဌာန်ချထားပြီးပြီလို့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီး နီယာဘားခတ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။
စုစုပေါင်း ပြည်တွင်းထုတ်ကုန် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ ရှိတဲ့ အစ္စရေးဟာ ဂါဇာက ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်တွေနဲ့ လေးလကျော်ကြာ စစ်ပွဲအတွင်း ထိခိုက်ခဲ့တာပါ။
ထောင်ချီတဲ့လူတွေဟာ အစ္စရေး လုပ်ငန်းခွင်ကို စွန့်ခွာပြီး စစ်မှုထမ်းနေရပါတယ်။ ဒါပေမဲ့ နိုင်ငံ့လုံခြုံရေးဟာ ပဓာန ထိပ်တန်းဦးစားပေး ဖြစ်ရုံမက အစ္စရေးရဲ့ စီးပွားရေးအတွက် အသက်သွေးကြောဖြစ်တယ်လို့ ဝန်ကြီးချုပ်ရာထူးကို ဆက်ခံဖို့ အလားအလာရှိသူလို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရသူ ဘားခတ်က ပြောပါတယ်။
လက်ရှိဝန်ကြီးချုပ် နေတန်ယာဟုရဲ့ လစ်ကဒ်ပါတီက ပါတီဝင်ဖြစ်တဲ့ ဘားခတ်ကတော့ စစ်အပြီး စီးပွားရေးဟာ တိုးတက်လာမှာဖြစ်ပြီး အစ္စရေး စီးပွားရေးရဲ့ အကြီးစားထည့်ဝင်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ အဆင့်မြင့် နည်းပညာကဏ္ဍမှာ ဆန်းသစ် တီထွင်မှုတွေကနေတဆင့် အရှိန်ရလာလိမ့်မယ်လို့ ဟောကိန်းထုတ်ပါတယ်။
ဒီသီတင်းပတ်ထဲမှာ အာရပ်စော်ဘွားများပြည်ထောင်စုက ဝန်ကြီးအတော်များများနဲ့ တွေ့ဖို့ရှိပြီး ဆော်ဒီ စီးပွားရေးဝန်ကြီးနဲ့ တွေ့ခဲ့ပြီးပြီလို့လည်း ဘားခတ်က ပြောပါတယ်။
အစ္စရေးရဲ့ ဂါဇာအပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်း ၃၀,၀၀၀ လောက် သေဆုံးခဲ့ပြီးပြီလို့ ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဂါဇာမှာ တက္ကသိုလ်တခုနဲ့ ဆေးရုံတခုရဲ့ အောက်ကို ဖြတ်သွားတဲ့ ၁၀ ကီလိုမီတာရှည်တဲ့ ဥမင်တခုရဲ့ အတွင်းပိုင်းပုံ ရုပ်သံကို ဖေဖော်ဝါရီ ၂၆ ရက်က ဖြန့်ချိပါတယ်။
ဒီဥမင်ဟာ ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းကို ချိတ်ဆက်ထားပြီး သန့်စင်ခန်းတွေ၊ လက်နက်နဲ့ တိုက်ခိုက်ရေး ပစ္စည်းကိရိယာ သိုလှောင်ခန်းတွေ ပါဝင်ပြီး ဥမင်ထဲမှာ ကျန်ခဲ့တဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ အလောင်းတွေကိုပါ တွေ့ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဥမင်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းကို အစ္စရေးစစ်တပ်က ဖျက်ဆီးပြီးပြီလို့လည်း ပြောပါတယ်။
ဥမင်ရဲ့ အပြင်ဘက်နေရာတွေကိုတော့ အဆောက်အဦတွေ လမ်းတွေနဲ့ နံရံတွေကို ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ရုပ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးအပြီး အတည်ပြုနိုင်ခဲ့ပါတယ်။
ရုပ်သံရိုက်ကူးတဲ့ ရက်စွဲကိုတော့ သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာ မရှိပါဘူး။
Source/Photo-Reuters